close

တာမွေမြို့နယ် ဦးချစ်မောင်အိမ်ရာတွင် မီးလောင် ၂ ဦးဒဏ်ရာရ

ရန်ကုန်၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ) ရပ်ကွက်၊ ဦးချစ်မောင်လမ်းမပေါ်ရှိ ဦးချစ်မောင်အိမ်ရာမှာ ဒီဇင်ဘာ ၉ ရက် ဒီကနေ့ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ လောက်က မီးလောင်ပြီး အမျိုးသားနှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ဦးချစ်မောင်အိမ်ရာ AGD ဘဏ် ဘေးချင်းကပ်မှ Real Life Advertising ကုမ္ပဏီဖွင့်လှစ်ထားတဲ့ အဆောက်အဦမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာပါ။

ရပ်ကွက်နေသူတစ်ဦးက “Real Life အဆောက်အဦးမှာ မီးလောင်တဲ့အချိန် ပထမအထပ်ကနေ လူတစ်ယောက်ခုန်ချတာ။ အောက်ကနေလူကဖမ်းပြီး ကယ်တာ နှစ်ဦးစလုံးဒဏ်ရာရသွားတယ်။ ပရဟိတအဖွဲ့တွေက ဆေးရုံကိုပို့ပေးလိုက်တယ်"လို့ ရှင်းပြပါတယ်။

မီးလောင်မှုကို တာမွေမြို့နယ်မီးသတ်စခန်းမှမီးသတ်ကားလေးစီးနဲ့ လူမှုကူညီရေးအသင်းတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပေမဲ့ မနိုင်လို့ Level 1 အဆင့်မီးသတ်ယာဥ်တွေနဲ့ နာရီဝက် ကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“၂ နာရီ မိနစ် ၂၀ မှာ လောင်တာ၊ ၂ နာရီ မိနစ် ၃၀ မှာ Level 1 အဆင့်နဲ့ မီးငြှိမ်းသတ်ရတယ်။ ၂ နာရီ ၅၅ မိနစ်မှာ မီးငြိမ်းသွားတယ်။ မီးလောင်ရတဲ့အကြောင်းအရင်းနဲ့ ဆုံးရှုံးမှုကို စုံစမ်းစစ်ဆေး တွက်ချက်နေတုန်းပဲ။”

လက်တလောမှာ မီးလောင်မှုဖြစ်ပွားတဲ့ ဦးချစ်မောင်အိမ်ရာမှာ  စစ်ကောင်စီတပ်သားတွေ လုံခြုံရေး အပြည့်ယူထားတယ်လို့  ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up