close

ကန့်ဘလူမြို့နယ်တွင် တိုက်ပွဲဖြစ် ရွာမီးရှို့ ၊ ဘုတလင်တွင် စစ်ကောင်စီတပ်မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီ လောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ လင်းယုန်နီအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

စပါးနံ့သာရွာနဲ့ ဝက်ပုတ်ရွာအရှေ့ဘက် ကျွန်းတောထဲမှာ ကျွန်းပင်တွေ  ခုတ်နေတာကို သတင်းပေး တိုင်ကြားလာတာကြောင့် အခုလို တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

လင်းယုန်နီအဖွဲ့ တာဝန်ရှိသူက “ အင်အား ၃၀၀ လောက်နဲ့ ကျွန်းပင်တွေ ခုတ်လှဲနေတာကို သိလို့ သွားပြီးပစ်ခဲ့တာ။ အနီးအနားက ဒေသခံတွေကိုပါ သစ်ခုတ်ဖို့ မလိုက်မနေရဆိုပြီး လုပ်အားပေးတောင် ခေါ်သွားတယ်။ အဲဒါကို သိလို ၆၀ မမ ၁၂ လုံးနဲ့ ပြောက်ကျား သွားပစ်ခဲ့တာ။ လက်နက်ငယ်တွေနဲ့လည်း ပစ်ခဲ့တယ်။ ထိခိုက်သေဆုံးတာကတော့ အတိကျ မသိရသေးဘူး။ ကျနော်တို့ကတော့ အထိခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့တယ်”လို့ ပြောပါတယ်။

ဒီဇင်ဘာ ၈ ရက်မှာ ကန့်ဘလူမြို့နယ် ပုဏ္ဏားကြီးကျေးရွာကနေ ဝက်သအင်းကျေးရွာကို စစ်ကြောင်းထိုး ညအိပ်တပ်စွဲခဲ့တဲ့ စစ်ကေင်စီတပ်ဟာ ဒီဇင်ဘာ ၉ ရက် မနက်ပိုင်းမှာ အဲဒီရွာကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒေသခံ တဦးက “မနက် မိုးလင်း ၇ နာရီလောက် ရွာထိပ်ကနေ မီးစရှို့တာပဲ။ ရွာက နေအိမ် တဝက်ကျော် မီးလောင်သွားတယ်။ စပါးကျီ သုံးလုံးလည်း မီးလောင်သွားတယ်။ ဘာပစ္စည်းမှကို ဝင်မယူရဲဘူး”လို့ ဆိုပါတယ်။

ဝက်သအင်းရွာဟာ လူနေအိမ် ၇၀ ကျော်ရှိပြီး စစ်ကောင်စီတပ်က မီးရှို့ခဲ့လို့ နေအိမ် ၄၀ကျော်နဲ့ စပါးကျီ ၃လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

ဒီဇင်ဘာ ၉ ရက် မနက် ၉ နာရီခွဲလောက်က ဘုတလင်မြို့နယ်၊ မြို့ပေါ်ရွာနားမှာ စစ်တပ် စစ်ကြောင်း တခု မိုင်းဆွဲခံရတယ်လို့ မြို့ပေါ်ရွာသားတွေက ပြောပါတယ်။

မြို့ပေါ်ရွာသား တဦးက “သူတို့ထွက်လာပြီဆိုကတည်းက ရွာထဲကတော့ လူရှိအကုန် ထွက်ပြေး ရတယ်။ မိုင်းကတော့ ၂ လုံးကွဲတယ်။ ဘယ်အဖွဲ့အစည်းက ထောင်တယ်လို့တော့ မသိဘူး။  လမ်းကြောင်း တည့်တည့်ကြီးကို ကွဲတာ။ အသေများမယ်။ အဲဒီလို မိုင်းမိပြီး မြို့ပေါ်ရွာ ထဲဝင်တယ်။ ရွာထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ အခုအထိတော့ ရွာကို မီးမရှို့သေးဘူး” လို့ ဆိုပါတယ်။

ရက္ခိုင့်တပ်တော် (အေအေ)နဲ့ အပစ်ရပ်ပြီးချိန်ကစလို့ စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းအတွင်း အင်အားအများအပြားနဲ့ ထိုးစစ်ဆင်နေကာ ကျေးရွာတွေ မီးရှို့တာကြောင့် စစ်ကိုင်းတိုင်းက ဒေသခံ ထောင်နဲ့ချီ မီးဘေးသင့်ပြီး နေထိုင်စရာနဲ့ အစားအသောက် အဝတ်အထည်တွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ကိုင်းဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up