close

ပင်းတယတွင် စစ်တပ်က အဂတိလိုက်စားပြီး ဖွင့်ခွင့်ပေးထားသည့် တရားမဝင် လောင်းကစား ဝိုင်း ပိုများလာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်မှာ စစ်ကောင်စီတပ် အဂတိလိုက်စားပြီး လာဘ်ငွေယူကာ ဖွင့်ခွင့်ပေးထားတဲ့  တရားမဝင်လောင်းကစားဝိုင်းတွေနဲ့  မူးယစ်ဆေးဝါး ရောင်းချဖြန့်ဖြူးနေမှု ပေါ်ပေါ်ထင်ထင် ပြုလုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လောင်းကစားဝိုင်းစီစဥ်သူတွေက စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့နယ်ထိန်း၊ မြို့နယ်စခန်းမှူးနဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေအား ၁ ရက်ကို ငွေကျပ်  ၁ သိန်းမှ ၂ သိန်းအထိပေးဆောင် ရတဲ့အပြင် စစ်ကောင်စီကို တပတ်တခါ သီးသန့်အခွန်ဆောင်ရတာလည်း ရှိတယ်လို့ ဆိုပါတယ်။

စကစ ဗိုလ်မှူးတွေဆီကို လာဘ်ငွေပေးပြီး လောင်းကစားဝိုင်းတွေလုပ်တာဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တဖြည်းဖြည်း ပိုများလာတယ်လို့  ပင်းတယမြို့နေ ဒေသခံတဦးက ပြောပါတယ်။ 

"တနေ့ကို ပိုက်ဆံသိန်းပေါင်းများစွာနဲ့ ကစားကြတာ။ လူငယ်တွေလည်း ဆိုင်ကယ်တွေ ပေါင်၊ ဖုန်းတွေပေါင်နဲ့ ပျက်စီးနေကြတာ။ လောင်းကစားတွေတင်မကဘဲ စိတ်ကြွဆေးပြားတွေ၊ မိန်းမပျက်တွေရောပေါ့။ တချို့ဆို ရှိတဲ့ခြံတွေရောင်း၊ ကားတွေပေါင်ပြီး ကစားကြတယ်။ စီးပွားပျက် ကားတွေရောင်းစားရတဲ့အထိရှိတယ်။ ဆိုးတာက WY ဖြန်တဲ့သူ သုံးစွဲသူတွေ ရောင်းချသူတွေ များလာတော့ လူငယ်တွေ ပျက်စီးနေကြတာပေါ့။ ပြည်သူတွေလည်း ထင်တိုင်းကြဲနေကြတာ။ နိုင်ငံရေး အခြေအနေ မငြိမ်သက်သေးသရွေ့တော့ ရှိနေဦးမယ် ထင်တယ်။” 

ပင်းတယမြို့ရှိ နောင်ရဲရွာ၊ ကြံခင်းရွာ၊ ကျောက်တောရွာအပြင် ရွာတိုင်းနီးပါးမှာ ဖဲဝိုင်း ကြက်ဝိုင်း၊ လေးကောင်ဂျင်ဝိုင်းတွေ ၂၄ နာရီ အပြည့် လူစည်ကားနေပြီး လေးကောင်ဂျင်ဝိုင်းဘေးမှာ ဆိုင်တွေဆောက်ကာ စားသောက်ဆိုင်တွေ ရောင်းချနေတာကြောင့် တချို့ဆိုရင် ၂ ရက် ၃ ရက်ကြာမှ အိမ်ပြန်လာကြတယ်လို့ ဆိုပါတယ်။

ပင်းတယမြို့မှာ စစ်တပ်ကအာဏာသိမ်းပြီး အခုလို လောင်းကစားဝိုင်းတွေ၊ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုတွေ ပိုမိုများလာတာကြောင့် ဒေသအတွင်း လူမှုစီးပွားရေး ဆုတ်ယုတ်ပျက်စီးလာတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up