ဘရာဇီးစစ်တပ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိမ့်မည်ဟု သမ္မတဟောင်း ပြော

ဘရာဇီးသမ္မတ ဂျိုင်းရ်ဘော်လ်ဆိုနာရိုဟာ လက်ဝဲဝါဒီ ရွေးကောက်ခံသမ္မတသစ် လူလာ ရာထူးရယူတာကို တားဆီးဖို့အတွက် စစ်တပ်အာဏာသိမ်းလိုက်ဖို့ သူ့ထောက်ခံသူတွေရဲ့ တောင်းဆိုချက်တွေကို မထောက်ခံဘဲ စစ်တပ်ဟာ ဘရာဇီးနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိမ့်မယ်လို့ ဒီဇင်ဘာ ၉ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဘော်လ်ဆိုနာရိုဟာ အောက်တိုဘာ ၃၀ ရက် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီးနောက်ပိုင်း ရက်ပေါင်း ၄၀ နီးပါး နှုတ်ဆိတ်နေပြီးနောက်မှာ ပထမဆုံးအကြိမ်အဖြစ် သမ္မတအိမ်တော်တံခါးမှာ ထောက်ခံသူ တွေကို စကားပြောဆိုခဲ့တာပါ။
စစ်တပ်ဆိုတာ နိုင်ငံတွင်း ဆိုရှယ်လစ်စနစ်ကို တားဆီးမယ့် ဘရာဇီးနိုင်ငံရဲ့ အကာအကွယ်တခု ဖြစ်တယ်လို့ ဘော်လ်ဆိုနာရိုက ပြောပါတယ်။
သူတို့ ဘာမှလည်း ဆုံးရှုံးမသွားကြောင်းနဲ့ တနေ့မှာ သူတို့ ပြန်အနိုင်ရမှာဖြစ်ကြောင်းလည်း ပြောသွားပါတယ်။
သူဟာ အောက်တိုဘာလ ရွေးကောက်ပွဲမှာ လူလာရဲ့အောင်နိုင်မှုကို အသိအမှတ် မပြုခဲ့ပါဘူး။ သူ့ရဲ့ နှုတ်ဆိတ်နေခဲ့မှုကြောင့် ထောက်ခံသူတွေဟာ စစ်တပ်အခြေစိုက်စခန်းတွေ အပြင်ဘက်မှာ ဆက်လက်ဆန္ဒပြဖြစ်ခဲ့ကြပါတယ်။
ဘော်လ်ဆိုနာရိုကို ပွတ်ကာသီကာ အနိုင်ရသွားတဲ့ လူလာကို ဘရာဇီးနိုင်ငံရဲ့ အမျိုးသား ရွေးကောက်ပွဲ အာဏာပိုင်အဖွဲ့က ဒီဇင်ဘာ ၅ ရက်မှာ အသိမှတ်ပြုထားပါတယ်။
စစ်တပ်ဟာ စည်းလုံးညီညွတ်ပြီး ပြည်သူတွေအပေါ် သစ္စာစောင့်သိမှုနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာဖို့ တာဝန်ရှိပြီး ပြည်သူတွေရဲ့ လွတ်လပ်ခွင့်အတွက် သူတို့မှာ တာဝန်ရှိတယ်လို့ ဘော်လ်ဆိုနာရိုက ပြောသွားပါတယ်။