ရွေးကောက်ပွဲ အမြန်ကျင်းပရန် ပီရူးပြည်သူများ တောင်းဆို

ပီရူးသမ္မတဟောင်း ပေဒရိုကက်စ်တီလို ဖြုတ်ချခံရပြီးနောက်မှာ ပီရူးပြည်သူတွေဟာ ဒီဇင်ဘာ ၉ ရက်မှာ ကွန်ဂရက်လွှတ်တော်ဖျက်သိမ်းရေးနဲ့ ရွေးကောက်ပွဲတွေကို စောစောကျင်းပရေး တောင်းဆိုပြီး လမ်းတွေကိုပိတ်ဆို့၊ အတားအဆီးတွေကို မီးရှို့ခဲ့ကြပါတယ်။
ရာနဲ့ချီတဲ့ လယ်သမားတွေဟာ ပီရူးနိုင်ငံရဲ့ အဓိက ကမ်းရိုးတန်း အဝေးပြေး လမ်းမကြီးကို ကျောက်တုံးတွေနဲ့ ပိတ်ပြီး ကားတာယာတွေကို မီးရှို့နေကြတာကို မနက်အစောပိုင်းမှာ ဒေသခံ ရုပ်မြင်သံကြားကနေ ပြသခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ ပီရူးနိုင်ငံရဲ့ ပထမဆုံးအမျိုးသမီး သမ္မတဖြစ်လာတဲ့ ဒီနာဘိုလူအာတာကို အသိအမှတ်မပြုကြောင်း ပြောကြားခဲ့ပါတယ်။
“သူဟာ သမ္မတ မဟုတ်ဘူး။ သူ့ကိုလုံးဝ လက်မခံဘူး”လို့ ပီရူးတောင်ပိုင်းရှိ အာရီကီပါ မြို့က ဆန္ဒပြသူ ဟိုဆေး မူရီလိုက ပြောပါတယ်။
သူ့ရှေ့က သမ္မတ ကက်စ်တီလိုကို ဖြုတ်ချပြီးနောက်မှာ ရာထူးရလာတဲ့ ယာယီသမ္မတ ဒီနာဘိုဘူအာတာကတော့ သမ္မတဟောင်းကို ထောက်ခံတဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားနေတာကြောင့် ငြိမ်ငြိမ်သက်သက် နေပေးကြဖို့ တောင်းဆိုထားပါတယ်။
ကက်စ်တီလိုဟာ ကွန်ဂရက်လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးစားခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပဲ သူ့ကိုလွှတ်တော်က စွပ်စွဲပြစ်တင်ပြီး ရာထူးကနေ ဖယ်ရှားဖို့ မဲခွဲဆုံးဖြတ်ခဲ့ကြတာပါ။ လက်ရှိ သူ့ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ရာဇ၀တ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။