close

ကလေးမြို့နယ် မြောက်စည်ရွာရဲစခန်း တိုက်ခိုက်ခံရ၊‌ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း ကလေးမြို့နယ်‌တောင်ပိုင်း၊ ကျော်ရွာအုပ်စုမှာရှိတဲ့ မြောက်စည်းကျေးရွာ ရဲစခန်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တာဝန်ကျရဲတပ်သားတွေကို CDF-KKG အဖွဲ့က ချုံခို တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၀ ရက် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးသူတွေရှိခဲ့သလို ဒဏ်ရာရသူတွေလည်းရှိခဲ့ပြီး CDF-KKG ဘက်ကတော့ ထိခိုက်ကျဆုံးသူတွေ မရှိဘူးလို့ အဖွဲ့ တာဝန်ခံက ပြောပါတယ်။

"စစ်ကောင်စီဘက်က စစ်သားနဲ့ ရဲတပ်သား ၃ ဦး ကျဆုံးပြီး ၃ ယောက် ဒဏ်ရာရ သွားတာကို မြင်ခဲ့ရတယ်။ သူတို့တွေ စခန်းတွင်းကို ပြန်သယ်သွားကြတာ။ စခန်းကနေ ထပ်ပြီး စစ်ကူလာတဲ့ စစ်သားတွေနဲ့လည်း မိနစ် ၂၀ လောက် ထပ်ဆင့်ပစ်ခတ်မှုတွေ ရှိခဲ့သေးတယ်။"

တိုက်ပွာဖြစ်ပွားရာ မြောက်စည်းကျေးရွာက ရွာသူ‌ရွာသားတွေအနေနဲ့ ထွက်ပြေး တိမ်းရှောင်တာမျိုး မရှိဘဲ မိမိနေအိမ်မှသာ ပုန်းအောင်းနေကြတယ်လို့ မြောက်စည်းရွာက ဒေသခံတဦးက ဒီဗွီဘီကိုပြောပါတယ်။

အခုတိုက်ခိုက်မှုနောက်ပိုင်းတွင်လည်း CDF-KKG တပ်ဖွဲ့အနေနဲ့ မိမိတို့လှုပ်ရှားရာ နယ်မြေ ဧရိယာအတွင်း တပ်စု၊ တပ်ရင်း၊ တပ်ခွဲအလိုက်  တိုက်ခိုက်မှုတွေလည်း ဆက်လက်လုပ်ဆောင် မယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

မြောက်စည်းကျေးရွာ ရဲစခန်းတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးအခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဓာတ်ပုံ-Chinland Defense Force- Kalay Kabaw Gangaw(CDF-KKG)တပ်ဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up