close

ကန့်ဘလူ ယောကျေးရွာတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ယောရွာသူများကို စစ်သင်တန်း တက်ခိုင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ယောကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပျုစောထီးတွေကို ဒီဇင်ဘာ ၁၁ ရက်  မွန်းလွဲ ၁ နာရီခွဲမှာ ဒေသခံ PDF တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျွန်းလှ၊ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများ အဖွဲ့က ပြောပါတယ်။

အဲဒီအဖွဲ့ရဲ့ အဖွဲ့ဝင် တဦးက"နှစ်ဖက် ၁၅ မိနစ်လောက် အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်။ ဒေသတွင်း ပြည်သူ့ကာကွယ်ရေး အင်းအားစုတွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ် "လို့ ပြောပါတယ်။ 

စစ်ကောင်စီတပ်ဟာ ယောကျေးရွာမှာ အထိုင်ချကာ ဒေသခံတွေကို ဖိအားပေးခြိမ်းခြောက်ကာ စစ်သင်တန်း ပေးဖို့ လုပ်နေတာကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

ယောကျေးရွာခံ‌ အမျိုးသားရော အမျိုးသမီးတွေကိုပါ ပျူ‌စောထီးက စစ်သင်တန်းတက်ဖို့ လယ်လှရွာက ပျူစောထီးခေါင်းဆောင် ကျော်ညွှန်နဲ့အဖွဲ့က ဒီဇင်ဘာ ၉ ရက်ညနေက ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။

ဒေသခံအမျိုးသား တဦးက  "ပထမတုန်းက ပျူစောထီးစစ်သင်တန်းတက်ဖို့ ဖိအားပေးတယ်။ အဲဒီ တုန်းက မဲနှိုက်ရမယ်။ မဲကျတဲ့သူ တက်ရမယ်လို့ပဲ ပြောတာ။ အခုအခါကြ‌တော့ အရင်လို မဟုတ်ဘူး၊ မတက်မနေရ တက်ရမယ်။ ယောကျ်ားလေး မရှိရင် ရှိတဲ့ မိန်းကလေးတက်ရမယ်။ မတက်ရင် PDF ရွာလို့ ဆိုပြီး အကုန်မီးရှို့မယ်လို့ ခြိမ်းခြောက်‌‌ပြောဆိုသွားတယ်" လို့ ဆိုပါတယ်။

ပျူစောထီး‌စစ်သင်တန်း တက်ခိုင်းတဲ့အချိန်ကစပြီး သင်တန်းမတက်လိုတဲ့ ရွာရှိလူငယ်တွေ တနယ်တကျေးကို ထွက်ခွာသွားကြရာ ပျူစောထီး‌တွေက ခြိမ်းခြောက်ပြန်ခေါ်ခိုင်းကာ ယောကျေးရွာကျောင်းထိုင်ဘုန်းကြီးကိုလည်း ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတချို့မှာ စစ်ကောင်စီတပ်က ပျူစောထီးတွေကို လက်နက် တပ်ဆင်ပေးကာ ပြည်သူ့စစ်ဖွဲ့ပြီး ကျေးရွာတွေကို မီးရှို့တာ၊ ပြည်သူတွေရဲ့ တန်ဖိုးရှိ ပစ္စည်းတွေ ကို ခိုးဝှက် လုယက်ယူဆောင်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up