အာဖရိကတိုက်တွင် ဒေါ်လာ ၅၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု အမေရိကန်သမ္မတပြော

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒီသီတင်းပတ်ထဲမှာ အမေရိကန်-အာဖရိက ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပဖို့ ပြင်ဆင်နေချိန်မှာပဲ အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံအထိ အာဖရိကတိုက်မှာ ရင်းနှီးမြှုပ်နှံသွားမယ်လို့ အမေရိကန်ဘက်က အခိုင်အမာ ပြောဆိုလိုက်ပါတယ်။
အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ် ဆူလီဗန်က အမေရိကန်အနေနဲ့ အာဖရိကတိုက်အတွက် “အရင်းအမြစ်တွေကို ဆွေးနွေးရေးစားပွဲဝိုင်းဆီ ယူဆောင်လာခဲ့ပြီ” လို့ ဒီဇင်ဘာ ၁၂ ရက်က ထိပ်သီးအစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။
အာဖရိကတိုက်မှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့တဲ့ အမေရိကန်ရဲ့ ကတိကဝတ်ဟာ တခြားနိုင်ငံတွေထက်စာရင် အာဖရိကနိုင်ငံတွေက ပိုမိုအဆင်ပြေနိုင်တာကြောင့် ဖြစ်တယ်လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။
သမ္မတဘိုင်ဒင် အနေနဲ့ အာဖရိကနိုင်ငံခေါင်းဆောင် ၅၀ နီးပါးနဲ့အတူ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ညစာစားပွဲကျင်းပဖို့ အစီအစဉ်ရှိနေတာပါ။
အဓိက စီးပွားရေးထိပ်သီးနိုင်ငံ G20 အဖွဲ့မှာ အာဖရိကသမဂ္ဂအနေနဲ့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ဖို့ လျှောက်ထားမှုကို အမေရိကန်က ကူညီထောက်ပံ့ပေးသွားမယ့် ကိစ္စကိုလည်း ကြေညာဖို့ရှိတယ်လို့ အိမ်ဖြူတော်ရဲ့ နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ ဆူလီဗန်က ပြောပါတယ်။
ဒီထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးခဲ့တဲ့ အကြံဉာဏ်ကိစ္စရပ်တွေကို အကောင်အထည်ဖော်ဖို့ ဘိုင်ဒင်က အထူးကိုယ်စားလှယ်တဦး ခန့်အပ်မှာဖြစ်ပြီး ဒီရာထူးအတွက် သံအမတ်တဦးဖြစ်တဲ့ ဂျွန်နီ ကာဆန်ကို ခန့်အပ်ဖို့ အမေရိကအစိုးရဌာနဘက်က စီစဉ်နေတယ်လို့လည်း ဆူလီဗန်က ပြောကြားခဲ့ပါတယ်။