သြစတြေးလျတွင် ပစ်ခတ်မှုဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦးအပါအဝင် ၆ ဦးသေဆုံး

သြစတြေးလျနိုင်ငံ ကွင်းစ်လန်းပြည်နယ်ထဲက ဝေးလံခေါင်သီတဲ့ အိမ်ရာတခုမှာ လူတဦး ပျောက်ဆုံးနေတာနဲ့ ပတ်သက်လို့ တိုင်ကြားမှုကို ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှာ လက်နက်ကိုင်လူ ၂ ဦးက ပစ်ခတ်လို့ ရဲတပ်ဖွဲ့ဝင် ၂ ဦး အပါအဝင် လူ ၆ ဦး သေဆုံးခဲ့တယ်လို့ ဒီဇင်ဘာ ၁၃ ရက်မှာ အာဏာပိုင်တွေက ပြောပါတယ်။
ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းက ကွင်းစ်လန်းပြည်နယ် မြို့တော် ဘရစ္စဘိန်းရဲ့ အနောက်မြောက်ဘက် ၁၈၆ မိုင်အကွာမှာရှိတဲ့ ဝင်းဘီယားကျေးလက်ဒေသက နေအိမ်တခုကို ရဲတပ်ဖွဲ့က ချဉ်းကပ်ခဲ့ရာမှာ သေနတ်ကိုင်ဆောင်ထားတဲ့ တိုက်ခိုက်သူ ၂ ဦးက ရဲအရာရှိတွေကို ပစ်ခတ်ခဲ့တာလို့ ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီအိမ်ရာကို ဝန်းရံထားတဲ့ အခြေအနေကို တုံ့ပြန်ဖို့ အထူးရဲအရာရှိတွေနဲ့ လေကြောင်း အကူအညီတွေ ရောက်လာပြီးတဲ့နောက် အမျိုးသမီးတဦး အပါအဝင် လူ ၃ ဦး ပစ်သတ်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ကွင်းစ်လန်းပြည်နယ်ရဲ့ ရဲမင်းကြီးဖြစ်သူ ကတ်တရီနာ ကာရိုးလ်က ဒီဖြစ်ရပ်မှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကို ကြီးမားတဲ့ အသက်ဆုံးရှုံးမှုလို့ ညွှန်းဆိုခဲ့ပါတယ်။
ဒီဖြစ်ရပ်တခုတည်းမှာ ရဲတပ်ဖွဲ့ဝင်ဦးရေ အများဆုံး သေဆုံးခဲ့ရတာဖြစ်လို့ ဒီကိစ္စကို စုံစမ်းစစ်ဆေးသွားမယ်လို့ သူက ပြောခဲ့ပါတယ်။