ကမ္ဘာ့ဖလားပြိုင်ပွဲကို ဗိုလ်လုပွဲနှင့် နှုတ်ဆက်ရမည့်အပေါ် မက်ဆီ ဂုဏ်ယူကျေနပ်

ကမ္ဘာ့ဖလားပြိုင်ပွဲကို နောက်ဆုံးဗိုလ်လုပွဲကစားပြီး နှုတ်ဆက်ရမယ့်အပေါ် ကျေနပ်ဂုဏ်ယူကြောင်း မက်ဆီက ပြောပါတယ်။
အသက် ၃၅ နှစ်ရှိ မက်ဆီဟာ အခုနှစ်ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်ဟာ သူ့အတွက် နောက်ဆုံး ကမ္ဘာ့ဖလားပွဲစဉ်ဖြစ်လာမယ်လို့ ပြောခဲ့တာပါ။
“ကျနော့်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲခရီးကို ဗိုလ်လုပွဲစဉ်ကစားပြီး အဆုံးသတ်ရမယ့်အပေါ် ပျော်ရွှင်မိပါတယ်။ ဒါကအလွန်ဂုဏ်ယူကျေနပ်စရာလည်း ကောင်းပါတယ်။ ကမ္ဘာ့ဖလားဆိုတာက နောက်ထပ် ပြိုင်ပွဲ တစ်ခုပြီးတစ်ခုဆက်ရှိနေမှာပါ။ ကျနော်ကတော့ နောက်ထပ်ပြိုင်ပွဲ ဆက်ကစားနိုင်မယ် မထင်ပါဘူး။ ဒါပေမဲ့ ဗိုလ်လုပွဲစဉ် ကစားပြီး နှုတ်ဆက်ရမှာက နှစ်သက်စရာ ကောင်းပါတယ်”လို့ မက်ဆီက ပြောပါတယ်။
မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်ဆက်တိုက် ပါဝင်ကစားခဲ့ပြီး ဗိုလ်လုပွဲစဉ်ကစားအပြီးမှာ ပွဲအများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်မှာပါ။
မက်ဆီဟာ အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး ၅ ဂိုးသွင်းယူထားပြီး ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုနဲ့ ပြိုင်ပွဲရဲ့ အကောင်းဆုံးဘောလုံးသမား ရွှေဘောလုံးဆုတွေကိုပါ ရယူဖို့ မျှော်လင့်နိုင်ပါတယ်။