လိုင်ဘေးရီးယားသမ္မတကို နိုင်ငံသား ထောင်ချီ ဆန္ဒပြ

လိုင်ဘေးရီးယားနိုင်ငံမှာ စီးပွားရေးအခက်အခဲနဲ့ သမ္မတဖြစ်သူ ဂျော့ဝီယာရဲ့ ကာလရှည်ကြာ နိုင်ငံတွင်းမှာ ရှိမနေတဲ့အပေါ် မကျေနပ်လို့ မြို့တော်ရဲ့ ဆင်ခြေဖုံးတနေရာမှာ ဒီဇင်ဘာ ၁၇ ရက်က လူ ၁၀၀၀ ကျော် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဝီယာရဲ့ ၅ နှစ်တာ သမ္မတသက်တမ်းအတွင်း ကြီးမားတဲ့ဆန္ဒပြပွဲတွေ တစ်ခါ တစ်ရံသာ ပေါ်ပေါက်လာလေ့ ရှိတာပါ။
ဒါပေမဲ့ လိုင်ဘေးရီးယားပြည်သူတွေဟာ ကိုဗစ်-၁၉ကပ်ဘေးနဲ့ ယူကရိန်းစစ်ပွဲတွေကြောင့် အစားအစာနဲ့ လောင်စာဆီ ဈေးနှုန်းတွေ မြင့်တက်လာတာနဲ့အတူ စီးပွားရေး ကျပ်တည်းမှုနဲ့ လုံးပန်း နေရတာကြောင့် အစိုးရရဲ့ စီပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုအပေါ် ဒေါသထွက်လာကြတာပါ။
မြို့တော် မွန်ရိုဗီးယားရဲ့ ပိန်းစ်ဗီးလ်ဒေသမှာ စနေနေ့က လူထုစုဝေးပွဲကို လိုင်ဘေးရီးယားရဲ့ အကြီးဆုံး အတိုက်အခံ ပါတီလေးခု စုပေါင်းထားတဲ့ ညွှန့်ပေါင်းအဖွဲ့က စီစဉ်ခဲ့ပါတယ်။
ဒါပေမဲ့ သမားရိုးကျ မဟုတ်တဲ့ အမျိုးသား ကွန်ဂရက် (ANC) ပါတီကလွဲရင် ပါတီတွင်း အငြင်းပွားမှုကြောင့် နောက်ဆုံးမိနစ်မှာ အားလုံး နုတ်ထွက်ခဲ့ကြပါတယ်။
ANC ပါတီအလံအောက်ကနေ သမ္မတရာထူးအတွက် ဂျော့ဝီယာကို ယှဉ်ပြိုင်မယ့် အလက်ဇန်ဒါး ကမ်းမင်းရဲ့ မျက်နာပါတဲ့ အင်္ကျီတွေကို ဆန္ဒပြပြည်သူ အများစုက ဝတ်ဆင်ခဲ့ကြပါတယ်။
ဆန္ဒပြသူ တချို့ကတော့ "ငါတို့ခံစားနေရတာအတွက် ပင်ပန်းနေပြီ" ဆိုတဲ့ စာတမ်းတွေ ကိုင်ဆောင်ထားကြပါတယ်။
လက်ရှိ သမ္မတ ဝီယာဟာ သားဖြစ်သူ အမေရိကန်အသင်းအတွက်ကိုယ်စားပြုပြီး ကမ္ဘာ့ဖလားမှာ ဝင်ရောက်ယှဉ်ပြိုင်နေတာကို ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ကာတာနိုင်ငံမှာ သွားရောက် ကြည့်ရှုခဲ့သလို အမေရိကန်- အာဖရိက ထိပ်သီးအစည်းအဝေးကိုလည်း ဝါရှင်တန်မြို့တော်မှာ တက်ရောက်နေ တာပါ။
ဒီဇင်ဘာ ၁၉ ရက်မှာတော့ လိုင်ဘေးရီးယားနိုင်ငံကို ပြန်ရောက်လာမယ်လို့ မျှော်လင့်ထားကြပါတယ်။
အရင်ကသမ္မတတွေ ဖြစ်ကြတဲ့ အယ်လန်ဂျွန်ဆင် ဆာလိဖ်နဲ့ ချားလ်စ်တေလာတို့ရဲ့ အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသလို လူသိများ ထင်ရှားတဲ့ လိုင်ဘေးရီယား နိုင်ငံရေးသမား လူးဝစ်ဘရောင်းက ဒီဆန္ဒပြပွဲတွေကို အဓိက စီစဉ်ခဲ့တာ ဖြစ်ပါတယ်။