ယူကရိန်းနယ်နိမိတ်ကို ကာကွယ်ရေး ဦးစားပေးကိစ္စဖြစ်ဟု သမ္မတ ဇလန်းစကီး ပြော

ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးက ယူကရိန်းနယ်နိမိတ်ကို ကာကွယ်ရေးဟာ အစဉ်တစိုက် ဦးစားပေးကိစ္စရပ်လို့ ဒီဇင်ဘာ ၁၈ ရက်မှာ ပြောလိုက်ပါတယ်။
“ရုရှားနဲ့ သူ့မဟာမိတ်ဖြစ်တဲ့ ဘီလာရုစ်နိုင်ငံတို့က ဖြစ်နိုင်ခြေရှိတဲ့ တိုက်ခိုက်မှု အခြေအနေတွေ အတွက်လည်း အဆင်သင့်ရှိနေသလို ဖြစ်နိုင်ခြေရှိတဲ့ ကာကွယ်ရေးဆိုင်ရာ အခြေအနေ အားလုံးအတွက်လည်း ကျနော်တို့ ပြင်ဆင်နေပါတယ်” လို့ ဇလန်းစကီးရဲ့ ညစဉ် ဗီဒီယိုမိန့်ခွန်းထဲမှာ ပြောဆိုခဲ့တာပါ။
ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ဘီလာရုစ်နိုင်ငံခရီးစဉ်ဟာ ဖြစ်လာစရာရှိနေတဲ့ ရုရှားအစိုးရရဲ့ တိုက်ခိုက်မှု ထိုးစစ်အသစ်အတွက် ဆွေးနွေးဖို့ဖြစ်နိုင်သလို ဒီထိုးစစ်ဟာ ဘီလာရုစ်နိုင်ငံကနေ စလာနိုင်တယ်လို့ ဒီခရီးစဉ်မတိုင်ခင်မှာပဲ ဇလန်းစကီးက မှတ်ချက်ပြု ပြောဆိုပါတယ်။
ဒီဗွီယိုမိန့်ခွန်းထဲမှာ ဇလန်းစကီးက အနောက်နိုင်ငံတွေအနေနဲ့ ထိရောက်တဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေကို ယူကရိန်းအတွက် ထောက်ပံ့ပေးဖို့ တောင်းဆိုမှုအသစ် တရပ်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်းအရှေ့ပိုင်းက ဘာ့ခ်မတ်မြို့ကို ယူကရိန်းတပ်ဖွဲ့တွေအနေနဲ့ လက်ရှိမှာ ထိန်းချုပ်ထားသလို အပြင်းထန်ဆုံး တိုက်ပွဲတချို့ကိုပါ မြင်တွေ့ခဲ့ရတယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။
ယူကရိန်းအခြေခံအဆောက်အအုံတွေပေါ် ရုရှားရဲ့ နောက်ဆုံးတိုက်ခိုက်မှုအပြီး လျှပ်စစ်ဓာတ်အားဖြန့်ဝေမှု ပြတ်တောက်ခဲ့ရတာပါ။
လက်ရှိအချိန်မှာ ယူကရိန်းနိုင်ငံသား ၃ သန်းအတွက် ဓာတ်အားပြန်ရအောင် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သလို နှစ်ရက်အကြာမှာပဲ ယူကရိန်းနိုင်ငံသား စုစုပေါင်း ၉ သန်းအထိ လျှပ်စစ်ဓာတ်အား ပြန်ရပြီလို့ ဇလန်းစကီးက ပြောပါတယ်။
“ဒါဟာ သောကြာနေ့က ရုရှားရဲ့ အကြမ်းဖက်တိုက်ခိုက်မှုအပြီး ၉ သန်းသော ကျနော်တို့ ပြည်သူတွေအတွက် ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ ရလဒ်ပါ” လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့တုန်းက ယူကရိန်း လျှပ်စစ်ဓာတ်အားပေးလိုင်းတွေကို ရုရှားဘက်ကနေ ဒုံးကျည်အမြောက်အမြားနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ရပြီး စွမ်းအင်ဆိုင်ရာ အဆောက်အဦ ၉ ခုမှာလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။