မောင်တောမြို့က ဝါးခုတ်သွားသည့် ရွာသား ၂ ဦး အလောင်းတွေ့ရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ရွှေတောင်ကျေးရွာက ဝါးခုတ်သွားပြီး ပျောက်ဆုံးနေတဲ့ ရွာသား ၂ ဦးရဲ့ ရုပ်အလောင်းကို ဒီဇင်ဘာ ၁၉ ရက် ဒီနေ့ နေ့လယ် ၁ နာရီလောက်က တောတွင်းတနေရာမှာ မြေမြှုပ်ထားတာကို ရွာသားတွေ ရှာတွေ့ခဲ့တယ်လို့ လိုက်ရှာရာမှာပါဝင်တဲ့ ရွှေတောင်ကျေးရွာသားတဦးက အတည်ပြု ပြောပါတယ်။
ပျောက်ဆုံးနေသူနှစ်ဦးဟာမောင်တောမြို့နယ်၊ ရွှေတောင်ကျေးရွာနေ အသက် ၂၈ နှစ်အရွယ် ဦးသိန်းထွန်းနဲ့ အသက် ၃၆ နှစ်အရွယ် ဦးဘသန်းတို့ဖြစ်ပြီး သူတို့ နှစ်ဦးဟာ ဒီဇင်ဘာ ၁၈ ရက် မနက် ၈ နာရီလောက်က နေအိမ်အတွက်လိုအပ်တဲ့ ဝါးတွေခုတ်ဖို့ တောထဲသွားခဲ့ကြရာက အိမ်ပြန်မရောက်ဘဲ ပျောက်ဆုံးနေခဲ့ကြတာပါ။
ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းကစပြီး ရွာသူရွာသားတွေ စုပေါင်းလိုက်ရှာခဲ့ကြရာ ရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့ တောတွင်းတနေရာမှာ သူတို့နှစ်ဦးရဲ့ ရုပ်အလောင်းတွေ မြေမြှုပ်ထားတာကို တွေ့ရှိခဲ့ကြတာပါ။
ရွှေတောင်ကျေးရွာသားတဦးက“မနေ့က သူတို့ နှစ်ဦးက အိမ်ပြုပြင်ဖို့ တောထဲကို ဝါးသွားခုတ်ကြတာ။ ညအထိ အိမ်ပြန်မရောက်တော့ ဒီနေ့မှာ ရွာသားတွေစုပြီး လိုက်ရှာခဲ့ကြတာ။ မြေမြှုပ်ထားတဲ့ သူတို့ ၂ ဦးရဲ့ အလောင်းကို ရှာတွေ့ခဲ့ကြတာပါ။”လို့ ပြောပါတယ်။
ပျောက်ဆုံးနေသူ ၂ ဦးကို ရွာသူရွာသားတွေ ရှာဖွေနေစဥ် တောထဲမှာတွေ့တဲ့ မွတ်ဆလင် နှစ်ယောက်ကို အခုလူသတ်မှုနဲ့ ပတ်သက်မှုရှိမရှိ ပြင်ဖြူနယ်ခြားစောင့်တပ်က စစ်ဆေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မျက်မြင်ရွာသားတဦးက “ပြင်ဖြူ နယ်မြေစခန်းမှာတော့ သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်။ နယ်ခြားစောင့်တွေ စစ်ဆေးပြီး အလောင်းကို ဖော်ယူလာပြီ။ ခေါင်းတခြား ခြေတခြား အပိုင်းပိုင်း ဖြတ်ထားကြတာဗျ” လို့ ပြောပါတယ်။
လက်ရှိ အလောင်းတွေကို ဘယ်လိုသင်္ဂြိုဟ်မယ်ဆိုတာ မသိရှိရသေးကြောင်း ဒေသခံတွေက ပြောပါတယ်။