close

စစ်တပ်က မြိတ်ဒေသခံများအား ခြိမ်းခြောက်ငွေညှစ်နေ၊ ကော့သောင်း၌ ဆိုင်ကယ်အစီး ၄၀ ခန့် ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ မြိတ်မြို့ထဲမှာ ညမထွက်ရအမိန့်မတိုင်မီ သွားလာသူတွေထံကနေ  စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက ခြိမ်းခြောက်ငွေညှစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြိတ်မြို့အတွင်းမှာ ညမထွက်ရအမိန့်က ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ သတ်မှတ်ထားပြီး ည ၁၂ နာရီ မတိုင်မီကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက ဒေသခံပြည်သူတွေအပေါ် ခြိမ်းခြောက်တာတွေ၊ ငွေညှစ်တာကြောင့် ဒေသခံတွေ စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “ကျနော်တို့ စားသောက်ဆိုင်ကပြန်လာတာ ၁၀ နာရီခွဲလောက်ရှိပြီ။ စစ်သားတွေနဲ့ ရဲတွေက ဗန္ဓုလလမ်းမရောက်ခင်မှာ ချုံထဲကထွက်လာပြီး ကျနော့်ကို တားကြတာ။ ၂ ပွင့်နဲ့ရဲလည်း ပါတယ်။ ကျနော့်ကို ဆိုင်ကယ်ပေါ်ကနေ ဆင်းခိုင်းတယ်။ ဆိုင်ကယ်တွေနဲ့ လွယ်အိတ်တွေထဲမှာ ရှာတယ်။ အချိန်လွန်နေပြီဆိုပြီး ပိုက်ဆံတောင်းတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားနဲ့ ရဲတွေက ပိုက်ဆံပါလာတဲ့အပေါ်မူတည်ပြီး ၂၀,၀၀၀ ကနေ ၅၀,၀၀၀ အထိ တောင်းတယ်လို့ ဆိုပါတယ်။

“ကျနော် ညဘက် ၁၀ နာရီလောက် အိမ်ပြန်လာတော့ လမ်းမှာ စကစတွေနဲ့ တိုးတယ်။ အချိန်လွန်သွားပြီလို့ပြောပြီး ဆိုင်ကယ်လိုင်စင်တွေသိမ်းပြီး ငွေတောင်းတယ်။ အချိန်မလွန်သေးဘူးလို့ ပြန်ပြောတော့ လမ်းမှာ ဒူးထောက်ခိုင်းပြီး သေနတ်နဲ့ ခြိမ်းခြောက်တာတွေ လုပ်တယ်” လို့ ဒေသခံနောက်တဦးက ပြောပါတယ်။

ဒီလိုမျိုး ခြိမ်းခြောက်ငွေညှစ်တာတွေကို စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက မြိတ်ကမ်းနားလမ်း၊ ရေပုန်းရပ်ကွက်နဲ့ ကန်ဖျားရပ်ကွက်တွေမှာ အများဆုံး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာလည်း ဒီဇင်ဘာ ၂၀ ရက် မနက်ပိုင်းက စစ်ကောင်စီ ဆန့်ကျင်ရေး စာသားတွေ‌ ရေးသားခဲ့တာကြောင့် စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲတွေက ကမ်းနားလမ်းမှာရှိတဲ့ ဒေသခံ ဆိုင်ကယ်အစီး ၄၀ နီးပါးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကော့သောင်းမြို့ ကမ်းနားလမ်း အပါအဝင် ဝိတိုရိယအငူအနီးမှာ ဒီဇင်ဘာ ၂၀ ရက် မနက်ပိုင်းက ဖြတ်သန်းသွားလာခဲ့တဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးခဲ့တာလို့ ကော့သောင်းဒေသခံတဦးက ပြောပါတယ်။

“ကမ်းနားက အုတ်နံရံမှာ ဆေးဖျန်းပြီး စာရေးသွားလို့ အခုလိုမျိုး ဖြတ်သွားဖြတ်လာ ဆိုင်ကယ်တွေကို ဖမ်းဆီးနေတာပါ။”

အခုလို စီးနင်းသွားလာနေတဲ့ ဒေသခံဆိုင်ကယ်တွေကို မတရား အကြောင်းမဲ့ လိုက်လံဖမ်းဆီးနေတဲ့အပြင် ဖမ်းဆီးခံရတဲ့ ဆိုင်ကယ်တွေကိုလည်း တလ (သို့မဟုတ်) အပြီးသိမ်းဆည်းမယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဖမ်းဆီးခံရတဲ့ ဆိုင်ကယ်ပိုင်ရှင်တွေ စိုးရိမ်နေတယ်လို့ ပြောပါတယ်။

ကော့သောင်းမြို့ အေးရိမ်ငြိမ်းရပ်ကွက်နေ ဒေသခံပြည်သူတဦးက “ဦးထုပ်လည်း ဆောင်းထားတယ်၊ ဆိုင်ကယ်လိုင်စင်လည်း ရှိတာတောင်မှ သူတို့က ဆိုင်ကယ်ကို ဖမ်းဆီးပြီးတော့ တလအထိ သိမ်းဆည်းထားမယ်တဲ့။ လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေဆို အပြီးအပိုင်ကို သိမ်းလိုက်တာတွေ လုပ်နေတယ်” လို့ ပြောပါတယ်။

ကော့သောင်းမြို့မှာ အရင်က ဆိုင်ကယ်တွေကို ဖမ်းဆီးရာမှာ ဒဏ်ငွေဆောင်ခိုင်းပြီး ပြန်လည်ထုတ်ယူခွင့် ပေးခဲ့ပေမဲ့ အခုလက်ရှိ ဖမ်းဆီးခံရတဲ့ ဆိုင်ကယ်တွေကိုတော့ အကြောင်းမဲ့ ဖမ်းဆီးခံရတာကြောင့် သိမ်းဆည်းခံရမယ့်အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up