close

တနင်္သာရီတိုင်း၌ စစ်ကောင်စီက ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ရန် ပြင်ဆင်နေ

တနင်္သာရီတိုင်း၊ ထားဝယ်၊ မြိတ်နဲ့ ကော့သောင်းခရိုင်တွေမှာ စစ်ကောင်စီက ရွေးကောက်ပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ဖို့ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်း ၆၀ ကျော်ကို ထားဝယ်မြို့မှာ ဒီဇင်ဘာ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေက တိုင်းဒေသကြီးအဆင့် သင်တန်းပေးနေတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သိရပါတယ်။

မြိတ်နဲ့ ကော့သောင်းမြို့တွေမှာလည်း စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေကို လူဦးရေစာရင်း ကောက်ယူဖို့အတွက် သင်တန်းပေးနေတာ ဖြစ်ပါတယ်။

၂၀၂၃ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်းမှာ တခြား တိုင်းနဲ့ပြည်နယ်တွေမှာလည်း စစ်ကောင်စီက မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူဖို့ စီစဉ်နေပါတယ်။

ထားဝယ်ခရိုင်ထဲက မြို့နယ်တွေမှာတော့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ ပါဝင်တဲ့ အဖွဲ့တွေက မြို့ပေါ်ရပ်ကွက်တွေမှာ အိမ်ရှိလူစာရင်း ကောက်ယူတာမျိုးကို အောက်တိုဘာလကတည်းက လုပ်ဆောင်နေတယ်လို့ စာရင်းကောက်ခံရတဲ့ ဒေသခံတွေက ပြောပါတယ်။

ထားဝယ်မြို့ခံတဦးက “မြေပြင်ကွင်းဆင်းပြီး လူဦးရေစာရင်းကောက်ဖို့က အကြောင်းအမျိုးမျိုးနဲ့ နေရပ်စွန့်ခွာပြီး နေနေရတဲ့လူတွေက အရမ်းများနေတော့ အချက်အလက် အမှန်ရဖို့ မဖြစ်နိုင်ဘူး။ ထားဝယ်မြို့နယ်ထဲမှာ တချို့ရွာတွေမှာဆို လူမနေကြတော့ ဘေးကင်းတဲ့နေရာတွေ ရွှေ့နေကြတာ ရွာလုံးကျွတ် လူမရှိတော့တဲ့ရွာတွေ ရှိတယ်” လို့ ပြောပါတယ်။

ပြည်သူလူထုက တခဲနက် မဲဆန္ဒပေးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မဲစာရင်းမှားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖျက်သိမ်းကာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီအလိုကျ ပါတီတွေနဲ့ ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ ကြိုးပမ်းနေတာပါ။

စစ်ကောင်စီဟာ ရွေးကောက်ခံ အစိုးရမဟုတ်ဘဲ တရားမဝင် အာဏာသိမ်းထားတဲ့ အကြမ်းဖက်အဖွဲ့ဖြစ်တဲ့အတွက် ရွေးကောက်ပွဲကျင်းပခွင့်မရှိတဲ့ ကြောင်းနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်လို့ NUG အစိုးရက ပြောထားပါတယ်။ 

တော်လှန်ရေးအင်အားစုတွေဘက်ကလည်း စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲကို လူထုအားနဲ့ ဆန့်ကျင်ကြဖို့ အသိပေး လှုံ့ဆော်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up