လူမည်းအမျိုးသမီးကို ပစ်သတ်ခဲ့သည့် တက္ကဆက်ရဲအရာရှိဟောင်း ထောင်ဒဏ် ၁၁ နှစ်ကျ

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်က ရဲအရာရှိဟောင်းတယောက်ဟာ ၂၀၁၉ ခုနှစ်က လူမည်းအမျိုးသမီး အတာတီယာနာ ဂျက်ဖာဆင်ကို သူ့နေအိမ်မှာ ပစ်ခတ်သတ်ဖြတ်မှုအတွက် ဒီဇင်ဘာ ၂၀ ရက်က ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံရပါတယ်။
ဖှော့ထ်ဝပ်သ် ရဲအရာရှိဟောင်း အာရွန်ဒီးန်ကို သတ်ဖြတ်မှုအတွက် ဂျူရီလူကြီးတွေက ပြီးခဲ့တဲ့သီတင်းပတ်မှာ စီရင်ချက်ချခဲ့တာဖြစ်ပြီး တားရန့်ထ်ကောင်တီ တရားရုံးက ထောင်ဒဏ် ၁၁ နှစ်၊ ၁၀ လ ချမှတ်ခဲ့တာဖြစ်ကြောင်း တရားရုံးစာရေးတဦးက ပြောပါတယ်။
ဒီးန်ကို စီရင်ချက်ချပြီးနောက် တရားရုံးအပြင်ဘက်က သတင်းစာရှင်းလင်းပွဲတခုမှာ ဂျက်ဖာဆင်ရဲ့ အစ်မအကြီးဆုံး အက်ရှ်လေ ကားရ်က ဒီလူသတ်မှုအတွက် အာရွန်ဒီးန်ကို ဖက်ဒရယ်စွဲချက်တွေတင်ဖို့ ဆက်လုပ်ဆောင်နေပါတယ်လို့ ပြောသွားပါတယ်။
အသက် ၂၈ နှစ်အရွယ် အတာတီယာနာ ဂျက်ဖာဆင်ကို လူဖြူရဲအရာရှိ အာရွန်ဒီးန်က ပစ်သတ်လိုက်တာဖြစ်ပြီး အပြင်ကနေ ဆူညံသံတွေ ကြားခဲ့ရပြီးနောက်မှာ ဂျက်ဖာဆင်ရဲ့ အိမ်ထဲမှာ ဒီးန်က သေနတ်ကိုင်ပြီး ရပ်နေခဲ့ပါတယ်။
နောက်ပိုင်းမှာ ဒီးန်ဟာ ရာထူးကနုတ်ထွက်ခဲ့ပြီး နောက်ပိုင်းမှာ ရဲတွေက သူ့ကို လူသတ်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။
အိမ်နီးနားချင်းတယောက်က အိမ်ရှေ့တံခါးပွင့်နေကြောင်း ရဲကိုဖုန်းဆက်ပြီးနောက်မှာ ဒီးန်နဲ့ သူ့အဖော်တို့ဟာ ဂျက်ဖာဆင်ရဲ့နေအိမ်ကို ရောက်ရှိသွားခဲ့တာပါ။
ဒီးန် ရောက်ရှိလာပြီး အိမ်နောက်ဖေးကို ဖြည်းဖြည်းချင်း လှည့်ပတ်ကြည့်ပြီး သေနတ်ဆွဲထုတ်လိုက်ချိန်မှာ ဂျက်ဖာဆင်က သူ့ရဲ့ ၈ နှစ်သား တူလေးနဲ့ ဗီဒီယိုဂိမ်း ကစားနေကြောင်း ဒီးန်ရဲ့ ဖမ်းဝရမ်းနဲ့ bodycam ဗီဒီယိုအရ သိရပါတယ်။
ဖမ်းဝရမ်းအရ ဂျက်ဖာဆင်ဟာ အသံတွေကြားလိုက်ရလို့ သူ့ပိုက်ဆံအိတ်ထဲက သေနတ်ကို ဆွဲထုတ်ပြီး အိပ်ခန်းပြတင်းပေါက်ကို ချိန်ရွယ်လိုက်တဲ့အချိန်မှာ သူ့တူလေးက ရဲကို ပြောလိုက်တာပါ။
ဂျက်ဖာဆင်ရဲ့ သေဆုံးမှုဟာ လူမျိုးရေးခွဲခြားမှုနဲ့ ရဲတပ်ဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ဆန့်ကျင်ကြတဲ့ ကမ္ဘာလုံးဆိုင်ရာ Black lives matter ဆန္ဒပြပွဲတွေဖြစ်စေခဲ့တဲ့ မင်နီယာပိုလစ်က ဂျော့ဖလွိုဒ် သတ်ဖြတ်ခံရမှု မဖြစ်ခင် ၇ လစောပြီး ဖြစ်ပျက်ခဲ့တာပါ။