close

ဘုတလင်နှင့်ဝက်လက်တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဘုတလင်နဲ့ ဝက်လက်မြို့နယ်တို့မှာ ဒီဇင်ဘာ ၂၀ ရက် ညနေ ၄ နာရီလောက် စစ်ကောင်စီတပ် မိုင်းဆွဲခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ ဘုတလင်မြို့‌အထွက်က ကြောင်ပန်းလမ်းခွဲ စစ်ဆေးရေးဂိတ်အနီး ကင်းဝပ်လေ့ရှိတဲ့ နေရာကို ကြိုတင်မိုင်းထောင်ခံရပြီး သူတို့ ညနေပိုင်းကင်းပုန်း ပြန်ဝတ်တဲ့အချိန် အခုလို မိုင်းဆွဲခံရတာဗျ။ စခ ၂ ကောင်မြေပေါ်မှာ တုံးလုံးလဲကျနေတာမြင်ရတယ်။ အဲတာပြီးတော့ မထိခိုက်တဲ့ စခတွေကတော့ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်တယ်။ ခဏနေကြတော့ လဲကျသွားတဲ့ စခ ၂ ဦးကို ကားအမည်းလေးတစီးပေါ်တင်ပြီး ဘုတလင်ဆေးရုံ အမြန်မောင်းသွားတယ်” လို့ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။

အဆိုပါပစ်ခိုက်တိုက်မှုကို ဘယ်အဖွဲ့က ပြုလုပ်သွားတယ်ဆိုတာ ဒီဗွီဘီအနေနဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။

အလားတူ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ရှိန်းမကားရဲစခန်းကို ဧရာဝတီမြစ်အတွင်းကနေ ရိက္ခာလာပို့တဲ့ မော်တော် ၂ စီးအား ဒီဇင်ဘာ ၂၀ ရက် ညနေ ၄ နာရီလောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံဗိုလ်ကျားကြီးအဖွဲ့က သိရပါတယ်။

“မန္တလေးမြိုကနေ ရိက္ခာလာပို့တဲ့မော်တော်ဗျ။ အစောပိုင်းတုန်းကတော့ သတင်းက စောစောမရလိုက်ဘူး။ အခုဟာက ရှိန်းမကားဆိပ်ကမ်းရောက်ခါအနီးမှ သိရလို့ ကျနော်တို့ လက်နက်ကြီး ၂၀ ကျော်နဲ့ပစ်ခတ်ခဲ့တယ်ဗျ။ သူတို့နေရာအနီးတော့ကျတယ်ဗျ၊ အထိခိုက်အကျအဆုံးတော့ မသိရသေးဘူး။ သူတို့ဘက်ကလည်း လက်နက်ကြီး ၃ လုံးနဲ့ ပြန်ပစ်တယ်။ ပေါက်ကွဲမှုမရှိလို့ ကျနော်တို့အဖွဲ့ အထိအခိုက်မရှိခဲ့ဘူး” လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။

အခုတိုက်ခိုက်မှုကို ဝက်လက်ဗိုလ်ကျားကြီးအဖွဲ့နဲ့ ကျားသစ်နက်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up