နိုင်ငံရပ်ခြားတွင် လျှို့ဝှက်ရဲစခန်းများ ဖွင့်လှစ်ထားခြင်းမရှိဟု တရုတ်အစိုးရ ဖြေရှင်း

နိုင်ငံရပ်ခြားမှာ တရုတ်ရဲ့ လျှို့ဝှက်ရဲစခန်းတွေ ဖွင့်လှစ်ထားတာ မရှိဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၂ ရက်က ပြောပါတယ်။
တရုတ်ရဲ့ လျှို့ဝှက်ရဲစခန်းတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေအကြောင်း မေးခွန်းတွေကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မော်နင်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြန်ဖြေကြားခဲ့တာပါ။
တရုတ်နိုင်ငံဟာ နိုင်ငံခြားတိုင်းပြည်တွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရဘူးဆိုတဲ့ မူကို အမြဲတမ်း စွဲမြဲလိုက်နာကြောင်းလည်း သူကပြောပါတယ်။ ဒါ့အပြင် နိုင်ငံတကာဥပဒေကို တင်းတင်းကျပ်ကျပ် လိုက်နာပြီး နိုင်ငံတိုင်းရဲ့ တရားစီရင်ရေး အချုပ်အခြာအာဏာကို လေးစားတယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် အခုမေးမြန်းထားတဲ့ တရုတ်ပြည်ပ ရဲစခန်းတွေဆိုတာ လုံးဝမရှိဘူးလို့ ငြင်းဆိုလိုက်တာပါ။
တရုတ်အာဏာပိုင်တွေဟာ ဂျပန်အပါအဝင် နိုင်ငံပေါင်း ၅၃ နိုင်ငံမှာ နိုင်ငံရပ်ခြား ရဲစခန်း ၁၀၂ ခုကို တည်ထောင်ထားကြောင်း စပိန်အခြေစိုက် အာရှအခြေခံ လူ့အခွင့်အရေးအဖွဲ့ ဖြစ်တဲ့ Safeguard Defenders အဖွဲ့က စက်တင်ဘာလကတည်းက အစီရင်ခံစာ နှစ်စောင် ထုတ်ပြန်ခဲ့တာပါ။
တရုတ်အာဏာပိုင်တွေက ဒီစွပ်စွဲချက်တွေကို ပယ်ချခဲ့ပြီး အဲဒီအဆောက်အအုံတွေဟာ ပြည်ပရောက် သူတို့နိုင်ငံသားတွေကို စာရွက်စာတမ်းတွေ သက်တမ်းတိုးဖို့နဲ့ ကိုဗစ် ကူးစက်ရောဂါကာလအတွင်း အခက်အခဲရှိခဲ့တဲ့ တခြားဝန်ဆောင်မှုတွေကို စေတနာ့ဝန်ထမ်း ဆောင်ရွက်ပေးနေတဲ့ စင်တာတွေဖြစ်ကြောင်း ပြောပါတယ်။