close

အမေရိကန်တွင် နှင်းမုန်တိုင်းကြောင့် လူ ၆၀ ထက်မနည်း သေဆုံး

အမေရိကန်နိုင်ငံတဝန်း မိုးလေဝသနဲ့ဆက်နွှယ်တဲ့ ဖြစ်ရပ်တွေမှာ လူ ၆၀ ထက်မနည်း အသက်ဆုံးရှုံးခဲ့ရတယ်လို့ NBC News သတင်းဌာနက ဒီဇင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

အာတိတ်ဒေသကနေလာတဲ့ အရိုးစိမ့်အောင် အေးခဲနေတဲ့ နှင်းမုန်တိုင်းက မက္ကဆီကိုနယ်စပ်အထိ နိုင်ငံတောင်ပိုင်းဒေသ အများစုကို ရက်တော်တော်ကြာအောင် ပျံ့နှံ့သွားခဲ့တာပါ။

ကနေဒါနယ်စပ်နားက အီရီရေကန်အစွန်းမှာရှိတဲ့ ဘတ်ဖဲလိုးမြို့ကတော့ အပြင်းထန်ဆုံး ထိခိုက်ခဲ့ပါတယ်။

ဒီဇင်ဘာ ၂၃ ရက်မှာ နှင်းမုန်တိုင်းကျရောက်ပြီး နောက်ပိုင်း ဘတ်ဖဲလိုးမြို့မှာ နှင်းတွေ ဆက်ကျနေပြီး နယူးယောက်ပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့ဟာ မုန်တိုင်းအတွက် အဆိုးဆုံး ဗဟိုအဖြစ် ရပ်တည်နေလို့ တသက်မှာ တခါသာကြုံရတဲ့ ရာသီဥတု ဘေးအန္တရာယ်လို့  ပြည်နယ်အုပ်ချုပ်ရေးမှူးက ခေါ်ဝေါ်သုံးနှုံးခဲ့ပါတယ်။

ဒီဇင်ဘာ ၂၆ ရက်မှာတော့ နှစ်ရက်ကျော်ကြာအောင် နှင်းတွေ လုံးဝဖုံးနေတဲ့ အခြေအနေကနေ လျော့ကျသွားပေမဲ့ ဆီးနှင်းတွေ ဆက်ကျနေဆဲပါ။

အင်္ဂါနေ့အထိ ဘတ်ဖဲလိုးမြို့ရဲ့ တောင်ဘက်နဲ့ ဆေရာကယုစ်မြို့ရဲ့ မြောက်ဘက်ဒေသတွေမှာ နှင်းထု တပေအထိ တိုးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

နှင်းထုအောက်မှာ ကားတွေ၊ ဘတ်စ်ကားတွေ၊ လူနာတင်ကားတွေ၊ တွဲဆွဲထရပ်ကားတွေ ဖုံးလွှမ်းနေလို့ လမ်းတွေကို ရှင်းဖို့နဲ့ သောင်တင်နေတဲ့ ဒေသခံတွေဆီ ရောက်ဖို့ ကြိုးပမ်းမှုတွေ ရှုပ်ထွေးကုန်ပါတယ်။

ကိုယ်ရေးကိုယ်တာ ခရီးသွားခွင့်ကို တမြို့နယ်လုံးမှာ တားမြစ်ပိတ်ပင်ချက် တနင်္လာနေ့မှာ စတင်အသက်ဝင်ခဲ့ပါတယ်။ ရာနဲ့ချီတဲ့ ယာဉ်မောင်းတွေကို သီတင်းပတ်ကုန်ရက်က သူတို့ကားတွေထဲကနေ ကယ်ထုတ်ခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up