close

ယူကရိန်းသမ္မတ၏ ငြိမ်းချမ်းရေးအစီအစဉ် ရုရှားပယ်ချ

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးရဲ့ အချက် ၁၀ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို ရုရှားက ဒီဇင်ဘာ ၂၈ ရက်မှာ ပယ်ချလိုက်ပြီး ယူကရိန်းပဋိပက္ခအဆုံးသတ်ရေး အဆိုပြုချက်တွေမှာ ရုရှားနိုင်ငံနဲ့ ပူးပေါင်းထားပြီးသားဖြစ်တဲ့ ယူကရိန်းဒေသ ၄ ခုရဲ့ လက်ရှိအခြေအနေမှန်ကို ထည့်သွင်းစဉ်းစားရမယ်လို့လည်း ပြောပါတယ်။

ရုရှားနိုင်ငံ ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကို့ဗ်က “ရုရှားနယ်မြေ ၄ ခုကို ရုရှားနိုင်ငံထဲ ဝင်ရောက်လာမှုနဲ့အတူ ဒီကနေ့ရဲ့ အဖြစ်မှန်တွေကို ထည့်မစဉ်းစားဘဲ ယူကရိန်းအတွက် ငြိမ်းချမ်းရေးအစီအစဉ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီအဖြစ်မှန်တွေကို ထည့်မစဉ်းစားထားတဲ့ အစီအမံတွေကလည်း ငြိမ်းချမ်းနိုင်မှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

ယူကရိန်းနဲ့ အနောက်နိုင်ငံတွေက ရှုတ်ချထားတဲ့ လူထုဆန္ဒခံယူပွဲအပြီးမှာ ရုရှားက ယူကရိန်းပိုင် ဒွန်နက်စ်ခ်၊ လူဟန့်စ်ခ်၊ ခါဆွန်နဲ့ ဇာပိုရစ်ချ်ဇီယာ ဒေသတွေကို စက်တင်ဘာလမှာ သူ့ပိုင်နက်တစိတ်တပိုင်းအဖြစ် ကြေညာခဲ့တာပါ။

ရုရှားဟာ အဲဒီဒေသ ၄ ခုထဲက ဘယ်တခုကိုမှ အပြည့်အဝ ထိန်းချုပ်ထားနိုင်ခြင်း မရှိပါဘူး။

သမ္မတ ဇလန်းစကီးဟာ နိုဝင်ဘာလမှာ သူ ပထမဆုံးကြေညာခဲ့တဲ့ အချက် ၁၀ ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို မြှင့်တင်ခဲ့ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့လည်း ဒီအကြောင်း ဆွေးနွေးထားတဲ့အပြင် ဒါကိုအခြေခံပြီးတော့လည်း ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးကျင်းပဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။

အဲဒီအစီအစဉ်ဟာ ယူကရိန်းရဲ့ နိုင်ငံတကာအသိအမှတ်ပြု နယ်မြေကနေ ရုရှားတပ်တွေ ဆုတ်ခွာရေး မျှော်မှန်းထားတာဖြစ်ပြီး ရုရှားက သိမ်းယူထားပြီး သူ့ပိုင်နက်လို့ ထည့်ကြေညာထားတဲ့ နယ်မြေ ၄ ခုနဲ့ ၂၀၁၄ ခုနှစ်က သိမ်းယူထားတဲ့ ခရိုင်းမီးယားဒေသတွေကို စွန့်လွှတ်လိုက်ဖို့ ဖြစ်ပါတယ်။

ယူကရိန်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ ကရင်မလင်က ထပ်ခါတလဲလဲ ပြောခဲ့ပေမဲ့ ကိယက်ဗ်ဘက်က ညှိနှိုင်းဖို့ ဆန္ဒမရှိတာကိုလည်း ကရင်မလင်က မြင်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up