close

ဘီးလင်းတွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့် ပြည်သူ ၄ ဦးဒဏ်ရာရ၊ နေအိမ် ၁ လုံး ပျက်စီး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာအုပ်စု၊ ကစဲဖိုးကျေးရွာမှာ ဒီဇင်ဘာ ၂၉ ရက် မနက် ၁၁ နာရီခွဲလောက်က စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ‌အရပ်သားပြည်သူ ၄ ဦး ဒဏ်ရာတွေရရှိခဲ့သလို နေအိမ် ၁ လုံးပါ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

မဲပလီကျေးရွာအနီးမှာ တပ်စွဲထားတဲ့ စကခ ၈ လက်အောက်ခံ နည်းဗျူဟာ  ၂ တပ်စခန်းကုန်းနဲ့ ဇီးကုန်းတောင်မှာတပ်စွဲထားတဲ့ ခမရ ၄၀၅ တပ်စခန်းတွေကနေ ကစဲဖိုးကျေးရွာအတွင်းကို လက်နက်ကြီး ၁၀ လုံးထက်မနည်းပစ်ခတ်ခဲ့တဲ့အတွက် ထိမှန်ဒဏ်ရာတွေရရှိခဲ့တာပါ။

ဒေသခံပြည်သူတဦးက”တပ်စကုန်း ၂ ခုကနေလှမ်းပစ်တာ။ ကလေးအပါအဝင် လူ ၄ ယောက်ထိတယ်။ထိမှန်တဲ့သူထဲမှာ ဧည့်သည်တစ်ယောက်ကတော့ စိုးရိမ်ရတယ်။ ရွာကလူတွေ လုပ်ငန်းခွင်ဝင်နေကျတော့ တော်သေးတယ်။ ကျနော်တို့ ဒေသခံတွေက နေ့လည်း ကောင်းကောင်းအလုပ်မလုပ်ရ။ ညလည်း ကောင်းကောင်းမအိပ်ရ။ ဘယ်အချိန် ထပစ်မလဲ စိုးရိမ်နေရတယ်” လို့ ပြောပါတယ်။

ကစဲဖိုးကျေးရွာအတွင်းကို လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက် နော်​မလှသန်းရဲ့ နေအိမ်ရှေ့ကို လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ရာ နော်လှသန်း (၅၄ နှစ်)နဲ့ သားဖြစ်သူ စောတာနော်ချေ့ (၂၅ နှစ်)၊ အိမ်နီးချင်းဖြစ်သူ နော်ခင်မိုးဝင်း (၁၃ နှစ်)နဲ့ ကျိုက်ထိုမြို့နယ်၊ ကြယ်ဂေါ်ထကျေးရွာကနေ ဖက်တံဝယ်ယူဖို့ ရောက်ရှိနေတဲ့ စောစီးတုန်း (၅၃ နှစ်) တို့ ထိမှန်ဒဏ်ရာတွေ အသီးသီးရရှိခဲ့တဲ့အပြင် နေအိမ်ပါ ထိမှန်ပျက်စီးခဲ့ပါတယ်။

ဖက်တံလာရောက်ဝယ်ယူတဲ့ ဧည့်သည်ဖြစ်သူ စောစီးတုန်းဟာ ဝမ်းဗိုက်ဒဏ်ရာ ပြင်းထန်တဲ့အတွက် အသက်အန္တရာယ်စိုးရိမ်ရပြီး ဒဏ်ရာရရှိသူတွေဟာ နီးစပ်ရာဆေးခန်းမှာ ဆေးကုသမှုခံယူနေရတယ်လို့ KNU တာဝန်ရှိသူတဦးက ပြောပါတယ်။

တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ၊ သထုံခရိုင်အတွင်း စစ်ကောင်စီတပ်တွေနဲ့ BGF ပူးပေါင်းတပ်တွေက စစ်ကြောင်းထိုးလှုပ်ရှားတာ၊ ကျေးရွာတွေအတွင်းနဲ့ လုပ်ငန်းခွင်တွေ အတွင်းကို တပ်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ကျေးရွာတွေကို မီးရှို့တာ၊ ဒေသခံပြည်သူတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ အတင်းအဓမ္မပေါ်တာအဖြစ်ခိုင်းစေတာ စတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up