close

မြိတ်ထောင်မှ အကျဉ်းသား ၈၂ ဦးလွတ်မြောက်၊ ဒေါက်တာမင်းထက်ပိုင်ကို ပြန်လည်ဖမ်းဆီး

တနင်္သာရီတိုင်း၊ မြိတ်အကျဉ်းထောင်ကနေ ဇန်နဝါရီ ၄ ရက် နေ့လယ်ပိုင်းက နိုင်ငံရေးအကျဉ်းသား ၂၀ နီးပါး၊ အကျဉ်းသူ ၁၁ ဦး အပါအဝင် စုစုပေါင်း ၈၂ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတယ်လို့ ထောင်အသိုင်းအဝိုင်းကနေ သိရပါတယ်။

လွတ်မြောက်လာတဲ့သူတွေထဲမှာ မြိတ်ဆေးရုံက လက်ထောက်ဆရာဝန် ကိုမင်းထက်ပိုင်ကိုတော့ စစ်ကောင်စီက နောက်အမှုထပ်ကပ်ပြီး ပြန်ဖမ်းထားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ထားဝယ်အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ အယောက် ၉၀၊ မြိတ်အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၈၂ ဦး၊ ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၃၃ ဦး၊ ဆင်ဖြူပြင်အကျဉ်းစခန်းမှ အကျဉ်းသား ၂၂ ဦး၊ ကျောက်ဖြူတောင်နဲ့ တခြားရဲဘက်စခန်းမှ အကျဉ်းသား ၂၆ ဦး လွတ်မြောက်လာတယ်လို့ စစ်ကောင်စီခန့် ဝန်ကြီးတဦး ပြောပါတယ်။

စစ်ကောင်စီက လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်း အကျဉ်းထောင်အသီးသီးက အကျဉ်းသား၊ အကျဉ်းသူ ၇,၀၁၂ ပြန်လွှတ်ပေးတဲ့အထဲမှာ တနင်္သာရီတိုင်းက နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၂၅၃ ဦး ပါဝင်တယ်လို့လည်း သိရပါတယ်။

လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေဟာ ၅၀၅(က)၊ ၁၄၃၊ ၁၄၅ ပုဒ်မတွေနဲ့ ထောင်ဒဏ်ကျခံရပြီး ပြစ်ဒဏ်ရဲ့ ခြောက်ပုံတပုံ လွတ်ငြိမ်းချမ်းသာခွင့်ရရှိပြီး လွတ်လာတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက် အမျိုးသားနေ့တုန်းကလည်း စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား၊ အကျဉ်းသူ ၅,၇၇၂ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up