close

ထားဝယ်ထောင်မှ နိုင်ငံရေးအကျဥ်းသား ၄၀ ကျော် လွတ်မြောက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ထားဝယ်အကျဥ်းထောင်ကနေ ဇန်နဝါရီ ၄ ရက် နေ့လယ်ပိုင်းက နိုင်ငံရေးအကျဥ်းသားနဲ့ အကျဥ်းသူ စုစုပေါင်း အယောက် ၄၀ ကျော် အပါအဝင် အကျဉ်သား ၉၀ လောက်  ပြန်လွတ်လာတယ်လို့ ထားဝယ် နိုင်/ကျဥ်းဟောင်းတွေထံကနေ သိရပါတယ်။

၇၅ နှစ်ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ထားဝယ်အကျဥ်းထောင်ကနေ အကျဥ်းသား အကျဥ်းသူ စုစုပေါင်း ၉၀ ခန့် လွှတ်ပေးတဲ့အထဲ နိုင်ငံရေးအကျဥ်းသား ၃၄ ဦးနဲ့ နိုင်ငံရေးအကျဥ်းသူ ၁၂ ဦး ပါဝင်တာပါ။

အခုပြန်လွတ်လာတဲ့ နိုင်/ကျဥ်းအများစုဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) တခုတည်းနဲ့ ထောင်ဒဏ်ချမှတ်ခံထားရပြီး ပြစ်ဒဏ်တဝက်လောက်  ကျခံခဲ့ပြီးသူတွေ ဖြစ်ပါတယ်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) အပါအဝင် တခြားအမှုတွေနဲ့ပါ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ တခြား နိုင်/ကျဥ်းတချို့ကတော့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံတပုံ လွတ်ငြိမ်းချမ်းသာခွင့်ရရှိကြပြီး အကြမ်းဖက်ပုဒ်မတွေနဲ့ ထောင်ချခံထားရသူတွေတော့ မပါဘူးလို့ ထားဝယ်အကျဥ်းထောင်က နိုင်/ကျဥ်းတွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

ဒီကနေ့ ပြန်လွတ်လာတဲ့သူတွေထဲမှာ ထားဝယ်တပ်ပေါင်းစုသပိတ်ကော်မတီဝင် ကိုထူးမြတ်လွင်၊ 7 Day News သတင်းထောက်ဟောင်း ကိုစိုင်းကိုကိုထွန်းနဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း ထားဝယ်မြို့ မြို့တွင်းလမ်းက နေအိမ်တခုမှာ ဖမ်းဆီးခံခဲ့ရသူ ၈ ဦးလည်း ပါဝင်ပါတယ်။

ထားဝယ်အကျဥ်းထောင်က နိုင်/ကျဥ်းအများစုဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)၊ ၅၀၅(ခ)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေဖြစ်တဲ့ ၅၀(ည)၊ ၅၂(က)၊ ပုဒ်မ ၅၄ တို့နဲ့ ထောင်ဒဏ်အသီးသီး ချမှတ်ခံထားရသူတွေပါ။

ထားဝယ်ခရိုင်ထဲမှာ စစ်အာဏာသိမ်းကာလအတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် အဖမ်းခံခဲ့ရသူတွေနဲ့ စွပ်စွဲဖမ်း​ဆီးခံခဲ့ရသူဦးရေ ၆၅၀ ခန့်ရှိပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလထဲမှာ စုစုပေါင်း နိုင်/ကျဥ်း အယောက် ၁၄၀ ခန့် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထားဝယ်အကျဥ်းထောင်ကနေ ပြန်လွတ်လာခဲ့တဲ့အပြင် လွတ်ရက်စေ့လို့ ပြန်လွတ်လာသူတွေလည်း ရှိပါတယ်။

ထားဝယ်အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားတွေထဲမှာ ထောင်ဒဏ်တသက်အထိ အမြင့်ဆုံးချမှတ်ခံထားရသူ ၂ ဦးရှိပြီး တတိယအမြင့်ဆုံးကတော့ ထောင်ဒဏ် ၄၈ နှစ်အထိ ချမှတ်ခံထားရတဲ့ ကိုရာဇာထွန်း ဖြစ်ပါတယ်။

ဓာတ်ပုံ - ဇန်နဝါရီ ၄ ရက်နေ့ မနက်ပိုင်း ထားဝယ်အကျဥ်းထောင်အနီး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up