close

ယူကရိန်းတပ်ဖွဲ့ဝင် ၆၀၀ ကျော် ဒုံးကျည်ထိမှန်သေဆုံးဟု ရုရှားပြော

ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ ယူကရိန်းတပ်ဖွဲ့ဝင်တွေ ယာယီနေထိုင်ရာ နေရာကို ရုရှားက ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်လို့ ယူကရိန်းတပ်ဖွဲ့ဝင် ၆၀၀ ကျော် သေဆုံးခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၈ ရက်မှာ ပြောပါတယ်။

ခရာမာတော့စ်ခ်မြို့ကို တိုက်ခိုက်မှုဟာ ရုရှားတပ်တွေ ထိန်းချုပ်ထားတဲ့ ဒွန်းညက်စ်ဒေသရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ မာခီးဗ်ခါမြို့က ရုရှားတန်းလျားတွေကို ဒီနှစ်အစောပိုင်းက ယူကရိန်းက အသေအပျောက်များတဲ့အထိ တိုက်ခိုက်မှုအတွက် လက်စားချေတာလို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ်ဂေါ ကိုနာရှန်ကို့ဗ်က ပြောပါတယ်။ 

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ရုရှားထောက်လှမ်းရေးဌာနဟာ ခရာမာတော့စ်ခ်မှာ ရှိတဲ့ ယူကရိန်းတပ်ဖွဲ့ တွေ ယာယီတပ်စွဲထားတဲ့ နေရာတွေကို လွတ်လပ်တဲ့ လမ်းကြောင်းတွေက တဆင့် ရှာဖွေ တွေ့ရှိခဲ့ပြီး စိတ်ချယုံကြည်မှု ရှိရှိ အတည်ပြုနိုင်ခဲ့တယ်။ 

အဆောင်နံပါတ် ၂၈ မှာ ယူကရိန်းစစ်သား ၇၀၀ ကျော်နဲ့ အဆောင်နံပါတ် ၄၇ မှာ စစ်မှုထမ်း ၆၀၀ ကျော်ရှိပါတယ်။ 

ယူကရိန်းတပ်ဖွဲ့တွေရဲ့ ယာယီတပ်စွဲထားတဲ့ နေရာတွေကို ကြီးမားတဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှု အတွင်း ယူကရိန်း စစ်သည် ၆၀၀ သေဆုံးခဲ့ပါတယ်လို့ သူက အတိအကျ ပြောခဲ့တာပါ။ 

ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောဆိုချက်ကို သီးခြား လွတ်လွတ်လပ်လပ် ချက်ချင်း အတည်မပြုနိုင်သေးပါဘူး။

အပစ်အခတ်ရပ်စဲရေးအတွက် ရုရှားရဲ့ တောင်းဆိုမှုဟာ 'လှည့်စားခြင်း' သာဖြစ်ပြီး ရုရှားဘက်က  ပစ်ခတ်လိုက်တဲ့ ကျည်ဆန်တွေ ဘတ်ခ်မွတ်မြို့ကို ထိမှန်ခဲ့တယ်လို့လည်း ယူကရိန်းသမ္မတ ဇလန်းစကီးက ဇန်နဝါရီ ၇ ရက်မှာ ပြောလိုက်ပါတယ်။

“ရုရှားအစိုးရဆီကလာတဲ့ အဆင့်တိုင်းရဲ့ လှည့်ဖြားမှုမှန်သမျှကို တကမ္ဘာလုံးက တစ်ဖန်မြင်ပြီးပြီ။ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး တစ်ခုခုပြောနေကြပြီ။ ဒါပေမဲ့ တကယ့်အဖြစ်မှန် က ရုရှားကျည်တွေက ဘတ်ခ်မွတ်နဲ့ တခြား ယူကရိန်းနေရာတွေကို တဖန်ပြန်ထိသွားတာပဲ” လို့ သမ္မတ ဇလန်းစကီးက ပြောပါတယ်။

ယူကရိန်းပြည်တွင်းက ရုရှားကျူးကျော်သူတွေကို နှင်ထုတ်တာ၊ ယူကရိန်းနဲ့ ဥရောပတို့ကို ဖိအားပေးဖို့ ရုရှားအတွက် အခွင့်အရေးမှန်သမျှကို ဖယ်ရှားခြင်းကသာ အပစ်အခတ် ရပ်စဲရေး၊ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးတို့ကို ပြန်ရရှိစေလိမ့်မယ်ဆိုတာ ထပ်အတည်ပြုပါတယ်လို့ သူက ဆက်ပြောပါတယ်။

ဇန်နဝါရီ ၆ ရက်မှာ ရုရှားသမ္မတ ပူတင်ဟာ ခရစ္စမတ်ပွဲတော်အတွက် ၃၆ နာရီကြာ အပစ်အခတ် ရပ်စဲဖို့ အမိန့်ပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up