ရုရှား၏အပစ်အခတ်ရပ်စဲရေးကို တကမ္ဘာလုံး အယုံအကြည်မရှိဟု ပင်တဂွန်ပြော

ယူကရိန်းမှာ ၃၆ နာရီကြာ အပစ်အခတ်ရပ်စဲဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်လို့ တစ်ကမ္ဘာလုံးက အယုံအကြည် မရှိကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ဇန်နဝါရီ ၅ ရက်မှာ ပြောကြားလိုက်ပါတယ်။
ရုရှားရဲ့ ဝါဒဖြန့်မှု၊ မဟုတ်မမှန် လုပ်ကြံသတင်းတွေနဲ့ ယူကရိန်းမြို့ကြီးတွေနဲ့ အရပ်သားတွေကို မညှာမတာ တိုက်ခိုက်မှုတွေကြောင့် အခုချိန်မှာ အမေရိကန်နဲ့ ကမ္ဘာတဝန်းမှာ သိသိသာသာ သံသယဖြစ်စရာတွေ ရှိနေတယ်လို့ ထင်မြင်ကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ပက်ထရစ် ရိုက်ဒါက သတင်းထောက်တွေကို ပြောပါတယ်။
တကယ်လို့ ရုရှားက ယူကရိန်းပြည်သူတွေအတွက် အကြမ်းဖက်မှုတွေနဲ့ သွေးထွက်သံယိုမှုတွေ ရပ်တန့်ဖို့ကို အမှန်တကယ် စိတ်ဝင်စားခဲ့မယ်ဆိုရင်တော့ အခုချက်ချင်း ယူကရိန်းကနေ ဆုတ်ခွာပြီး ဒီစစ်ပွဲကို အခုချက်ချင်း အပြီးတိုင် အဆုံးသတ်ပစ်ရမှာပါ လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ အဲဒါက ဖြစ်လာမယ့်ပုံမပေါ်လို့ ယူကရိန်းကို လုံခြုံရေးအကူအညီ ထောက်ပံ့ဖို့ ဆက်ပြီးအာရုံစိုက် ပံ့ပိုးပေးသွားမှာပါလို့လည်း ပက်ထရစ် ရိုက်ဒါ က ပြောပါတယ်။
ဇန်နဝါရီ ၅ ရက်တုန်းကလည်း အမေရိကန်နဲ့ ဂျာမနီတို့ဟာ ယူကရိန်းကို သံချပ်ကာ တိုက်ခိုက်ရေး ယာဉ်တွေ ပေးပို့ခဲ့ပါတယ်။
အခုသီတင်းပတ်အစောပိုင်းကလည်း ပြင်သစ်ဟာ ရုရှားတပ်တွေကို ချေမှုန်းဖို့အတွက် ကိယက်ဗ်ကို စစ်ရေးကူညီမှုတွေ ပံ့ပိုးပေးခဲ့ပါသေးတယ်။
ဇန်နဝါရီ ၆ ရက်မှာ ကြေညာမယ့် အမေရိကန်ရဲ့ လက်နက်ပံ့ပိုးမယ့် အစီအစဉ်မှာ လုံခြုံရေး အကူအညီရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် စုစုပေါင်း ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံလောက် ခန့်မှန်းတန်ဖိုးရှိတဲ့ ဘရဒ်လေ ခြေရာခံ ကျည်ကာ တိုက်ခိုက်ရေးယာဉ် အစီး ၅၀ လောက် ပါဝင်မယ် လို့ အမေရိကန် တာဝန်ရှိသူတွေက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။