close

ဘရာဇီးလွှတ်တော်ကို ဆန္ဒပြသမားများ ဝင်ရောက်စီးနင်းသည့်အပေါ် ကမ္ဘာ့ခေါင်းဆောင်များ ရှုတ်ချ

ဘရာဇီးနိုင်ငံမှာ သမ္မတဟောင်း ဘော်စိုနာရိုကို ထောက်ခံသူတွေက နိုင်ငံရဲ့ တရားရုံးချုပ်၊ လွှတ်တော် အဆောက်အအုံနဲ့ ဘရာစီးလီးယားမြို့တော်ရှိ သမ္မတအိမ်တော်တို့ကို ဝင်ရောက်စီးနင်းမှုနဲ့ ပတ်သက်ပြီး ကမ္ဘာခေါင်းဆောင်တွေက ရှုတ်ချလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က  အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ တောင်းဆိုလိုက်သလို အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ် ဆူလီဗန်ကလည်း ဘရာဇီးမှာ ဒီမိုကရေစီကို ပျက်ပြားအောင်လုပ်ဖို့ ကြိုးပမ်းမှုမှန်သမျှကို အမေရိကန်က ရှုတ်ချတယ်လို့ ပြောကြားလိုက်ပါတယ်။ 

သမ္မတ ဘိုင်ဒန်ကအခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပြီး ဘရာဇီးရဲ့ ဒီမိုကရက်တစ်အဖွဲ့အစည်းတွေအတွက် ကျနော်တို့ရဲ့ ထောက်ခံမှုက မယိမ်းယိုင်ပါဘူး။ ဘရာဇီးရဲ့ ဒီမိုကရေစီဟာ အကြမ်းဖက်မှုကြောင့် တုန်လှုပ်သွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

မက္ကဆီကို သမ္မတ အန်ဒရေ မန်နျူယယ်လိုပဲ့ဇ်အိုဘရဒေါက "လူလာ တစ်ယောက်တည်း မဟုတ်ဘူး" လို့ တွစ်တာလူမှု ကွန်ယက် ပေါ်မှာ ရေးသားခဲ့ပါတယ်။ ချီလီသမ္မတ ဂဘရီယယ် ဘိုရစ်ခ်က “ဒီသူရဲဘောကြောင်ပြီး ယုတ်မာတဲ့ ဒီမိုကရေစီတိုက်ခိုက်မှုကို ရင်ဆိုင်ရာမှာ ဘရာဇီးအစိုးရအပေါ် ကျနော်တို့ရဲ့ အပြည့်အဝ ထောက်ခံမှုရှိပါတယ်လို့ ပြောခဲ့ပါတယ်။ 

အီးယူနိုင်ငံခြားရေး မူဝါဒ အကြီးအကဲ ဂျိုးဇက် ဘော်ရယ်ကလည်း ဘရာဇီးရဲ့ အစိုးရ နေရာတွေကို အကြမ်းဖက်မှုတွေနဲ့တရားမဝင် သိမ်းပိုက်မှုတွေ ကြောင့်အထိတ်တလန့် ဖြစ်ရတဲ့အကြောင်းနဲ့ သမ္မတလူလာနဲ့ သူ့အစိုးရ၊ လွှတ်တော်နဲ့ တရားရုံးချုပ်၊ ဘရာဇီးလ်ဒီမိုကရေစီဟာ အကြမ်းဖက်မှုနဲ့ အစွန်းရောက်မှုအပေါ် ကျော်လွှားနိုင်ပါလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

စပိန်ဝန်ကြီးချုပ် ပေဒရို စန်ချက်ဇ်ကလည်း "သမ္မတ လူလာနဲ့ ဘရာဇီးပြည်သူတွေရဲ့ လွတ်လပ်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အဖွဲ့အစည်းတွေကို ကျနော်ထောက်ခံပါတယ်။ ဘရာဇီးလွှတ်တော်ကို တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ဒီမိုကရက်တစ် ပုံမှန်အတိုင်း အမြန်ပြန်လာဖို့ တောင်းဆိုလိုက်ပါတယ်" လို့ တွစ်တာမှာ ရေးသား ခဲ့ပါတယ်။

ဘော်စိုနာရိုရဲ့  အမျိုးသားရေးဝါဒကြောင့် ပြိုပျက်နေတဲ့ နိုင်ငံကို ပေါင်းစည်းဖို့ ကတိပြုခဲ့တဲ့ သမ္မတလူလာဟာအခင်းဖြစ်ချိန်မှာ ဆောင်ပါလိုပြည်နယ်ဆီ တရားဝင်ခရီးထွက်နေလို့ မြို့တော်နဲ့ ဝေးကွာခဲ့ပါတယ်။

လွှတ်တော်၊ သမ္မတနန်းတော်နဲ့ တရားရုံးချုပ်တို့ စီးနင်းကျူးကျော်ခံရပြီးနောက်မှာ ဘရာဇီးသမ္မတ လူးဝစ် လူလာဆီလ်ဗာက  မြို့တော် ဘရာစေးလီးယားမှာ ဖယ်ဒရယ်လုံခြုံရေး ကြားဝင်ဆောင်ရွက်ပေးနေတယ်လို့ ဇန်နဝါရီ ၈ ရက်က ကြေညာခဲ့ပါတယ်။

သမ္မတဟောင်းဘော်စိုနာရိုကိုလည်း လူလာကအပြစ်တင်လိုက်ပြီး မြို့တော်မှာ လုံခြုံရေးချိုးယွင်းမှုနဲ့ ပတ်သက်လို့ စောဒကတက်ရင်း အာဏာပိုင်တွေက ဖက်ဆစ်ဝါဒီတွေနဲ့ အယူဝါဒသမားတွေကို ဖျက်ဆီးဖို့ ခွင့်ပြုခဲ့တယ်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။ 

မြို့တော်မှာ ဘရာဇီးရဲ့သင်္ကတ အဝါရောင်နဲ့ အစိမ်းရောင်၀တ်စုံတွေ ဝတ်ဆင်ရင်း ထောင်နှင့်ချီတဲ့လူတွေ အုံကြွဆန္ဒပြနေကြပါတယ်။

ဒေသစံတော်ချိန် မနေ့ ညနေ ၆ နာရီခွဲလောက်မှာ လွှတ်တော်၊ သမ္မတနန်းတော်နဲ့ တရားရုံးချုပ်အဆောက်အဦတွေကို ဆန္ဒပြသမားတွေ ဝင်စီးတဲ့ သတင်းတွေ စထွက်လာပြီးတဲ့နောက် သုံးနာရီအကြာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဆောက်အအုံ သုံးခုစလုံးကို ပြန်သိမ်းယူနိုင်ခဲ့တယ်လို့ GloboNews သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဆူပူသောင်းကျန်းသူ ဒါဇင်ပေါင်းများစွာလည်း  ဖမ်းဆီးခံရပြီး လက်ထိတ်ခတ် ထွက်ခွာသွားတာကို မြင်တွေ့ရပါတယ်။ 

ရွေးကောက်ပွဲရှုံးနိမ့်ခဲ့တဲ့ သမ္မတဟောင်း ဘော်စိုနာရိုက သူ့ရဲ့ လုပ်ပိုင်ခွင့်မကုန်ဆုံးမီ ၄၈ နာရီအတွင်း ဘရာဇီးလ်နိုင်ငံကနေ  ဖလော်ရီဒါဆီထွက်ခွာခဲ့ပြီး သမ္မတသစ် လူလာရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ဖို့လည်း ပျက်ကွက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up