ရော်နယ်ဒိုကို လေးစားမှုနှင့် အခွင့်အရေးပေးသွားမည်ဟု ပေါ်တူဂီနည်းပြသစ်မာတီနက်ဇ်ပြော

အသင်းခေါင်းဆောင် စီရော်နယ်ဒိုအပေါ်လေးစားမှုနဲ့ အခွင့်အရေးတွေပေးသွားမယ်လို့ ပေါ်တူဂီ နည်းပြသစ် မာတီနက်ဇ်က ပြောပါတယ်။
စပိန်လူမျိုးနည်းပြမာတီနက်ဇ်ဟာ ကမ္ဘာ့ဖလားမှာ ဘယ်လ်ဂျီယံအသင်းကိုကိုင်တွယ်ခဲ့ပြီး အုပ်စုအဆင့်ကနေထွက်ခဲ့ရပေမယ့် ပေါ်တူဂီအသင်းက ခေါ်ယူခန့်အပ်ခဲ့တာပါ။
တနင်္လာနေ့က အသင်းနဲ့အတူ တရားဝင်မိတ်ဆက်ခဲ့ပြီးနောက် ပေါ်တူဂီအသင်းကို ဖြစ်နိုင်သမျှ အကောင်းဆုံးအသင်းဖြစ်အောင်တည်ဆောက်မှာဖြစ်ပြီး ရော်နယ်ဒိုကိုလည်း အခွင့်အရေးပေးသွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
“အသင်းအတွက် ကစားဖို့ အဆင်သင့်ရှိတဲ့ ကစားသမားတိုင်းကို အခွင့်အရေးနဲ့ လေးစားမှုတွေထားရှိမှာပါ။ အဲဒီထဲမှာ စီရော်နယ်ဒိုလည်း အပါအဝင်ဖြစ်တယ်။ သူဟာ လက်ရွေးစင်အသင်းမှာ ၁၉ နှစ်ကြာပေးဆပ် ကစားခဲ့သူဖြစ်တယ်” လို့ မာတီနက်ဇ်က ပြောပါတယ်။
ပွဲထွက်ကစားမယ့်လူစာရင်းကို ကွင်းထဲမှာ ဆုံးဖြတ်မှာဖြစ်ပြီးရုံးခန်းထဲမှာ ဆုံးဖြတ်မှာမဟုတ်ကြောင်း၊ ကစားသမားအားလုံးနဲ့ စကားပြောဆိုသွားမှာဖြစ်ကြောင်းလည်း မာတီနက်ဇ်က ဆက်ပြီးပြောသွားပါတယ်။