ခရုဇ်ဒုံးကျည်တပ် ရုရှားစစ်သင်္ဘော နော်ဝေပင်လယ်တွင် စစ်ရေးလေ့ကျင့်

အသံထက်မြန်တဲ့ ခရုဇ်ဒုံးကျည်လက်နက်တွေ တပ်ဆင်ထားတဲ့ ရုရှားစစ်သင်္ဘောတစင်း နော်ဝေ ပင်လယ်ထဲမှာ စစ်ရေးလေ့ကျင့်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၀ ရက်မှာ ပြောပါတယ်။
“ဆိုဗီယက်ယူနီယံ ရေတပ်ဗိုလ်ချုပ် ဂတ်ရှ်ကို့ဗ် ဖရီးဂိတ်စစ်သင်္ဘောပေါ်က သင်္ဘောသားတွေဟာ နော်ဝေပင်လယ်ထဲမှာ လေကြောင်းရန်ကာကွယ်ရေး လေ့ကျင့်ခဲ့ပါတယ်”လို့ ဝန်ကြီးဌာနက ပြောပြီး စစ်ရေးလေ့ကျင့်မှုမှတ်တမ်းကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ အတ္တလန္တိတ် သမုဒ္ဒရာဆီကို အသံထက်မြန်တဲ့ ခရုဇ်ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ မျိုးဆက်သစ် ဖရီးဂိတ်စစ်သင်္ဘောတစီး စေလွှတ်ခဲ့ပြီး ယူကရိန်းမှာ သူ့ရဲ့ အထူးစစ်ဆင်ရေးကို ကျောခိုင်းမှာမဟုတ်ဘူးဆိုတာ အချက်ပြခဲ့ပါတယ်။
ဇာကွန်အမျိုးအစား အသံထက်မြန်တဲ့ ဒုံးကျည်တွေဟာ ရုရှားကို ပြင်ပခြိမ်းခြောက်မှုကနေ ကာကွယ်နိုင်မယ်လို့ ယုံကြည်ကြောင်း ပူတင်က ကာကွယ်ရေးဝန်ကြီးနဲ့ ရေယာဉ်မှူးတို့ တက်ရောက်တဲ့ ဗီဒီယိုကွန်ဖရင့်တခုမှာ ပြောခဲ့ပါတယ်။
အသံထက်မြန်တဲ့ လက်နက်တွေရဲ့ ပစ်မှတ်ဟာ သူတို့ရဲ့ ထိန်းကျောင်းနိုင်စွမ်းကြောင့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေထက် တွက်ချက်ဖို့ ပိုခက်ခဲပါတယ်။
ရုရှား၊ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အပြင် သြစတြေးလျ၊ ပြင်သစ်၊ ဂျာမနီ၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ အပါအဝင် တခြားနိုင်ငံအများအပြားဟာလည်း အသံထက်မြန်တဲ့ လက်နက်တွေကို တီထွင်ထုတ်လုပ်နေတယ်လို့ အမေရိကန် အောက်လွှတ်တော် သုတေသနဌာနက ဆိုထားပါတယ်။