အင်ဒိုနီးရှားတွင် အလုပ်သမား ရာချီ ဆန္ဒပြ

အင်ဒိုနီးရှားလွှတ်တော်မှာ ဇန်နဝါရီ ၁၀ ရက်က ဆွေးနွေးနေတဲ့ အငြင်းပွားစရာ အလုပ်အကိုင်များ ဆိုင်ရာ ဥပဒေနဲ့ အစားထိုးမယ့် အရေးပေါ်စည်းမျဉ်းကို ဂျကာတာမြို့တော်မှာရှိတဲ့ ရာနဲ့ချီတဲ့ အင်ဒိုနီးရှား အလုပ်သမားတွေက ကန့်ကွက်ခဲ့ကြပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ အလုပ်အကိုင်ဖန်တီးရေးဥပဒေကို ကိုယ်စားပြုတဲ့ ရုပ်ပုံလွှာကို အလုပ်သမားတွေက မီးရှို့ ဆန္ဒပြခဲ့တာပါ။
ပါလီမန်အပြင်ဘက်မှာ ဆန္ဒပြသူတွေက မိန့်ခွန်းတွေပြောပြီး ကြွေးကြော်သံတွေ ရွတ်ဆိုခဲ့ ကြသလို အရေးပေါ်စည်းမျဉ်းကို ပယ်ချဖို့ လွှတ်တော်အမတ်တွေကိုတောင်းဆိုပါတယ်။
သမ္မတ ဂျိုကိုဝီဒိုဒိုဟာ ချို့ယွင်းချက်ရှိနေတဲ့ ၂၀၂၀ အလုပ်အကိုင်ဖန်တီးမှုဥပဒေကို အစားထိုးဖို့ ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။ တခြားဥပဒေ ၇၀ ကျော်ကို ပြန်လည်ပြင်ဆင်ခဲ့ပြီး အရှေ့တောင်အာရှရဲ့ စီးပွားရေးအင်အားကြီးနိုင်ငံမှာ စီးပွားရေးစည်းမျဉ်းတွေ ချောမွေ့စေရေး လုပ်ဆောင်ချက်အဖြစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက ချီးကျူးခဲ့ကြပါတယ်။
ဒါပေမဲ့ ဒါဟာ အလုပ်သမားအခွင့်အရေးကို ထိခိုက်စေပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ထိခိုက်စေတယ်လို့ ရှုမြင်ကြလို့ အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။