လိင်ပိုင်းစော်ကားမှုစွဲချက်ဖြင့် ဘာစီလိုနာနောက်ခံလူဟောင်း အဲလ်ဗက်စ် စစ်ဆေးခံနေရ

ဘရာဇီးလ်နဲ့ ဘာစီလိုနာအသင်း နောက်ခံလူဟောင်း ဒန်နီရယ်အဲလ်ဗက်စ်ဟာ ပြီးခဲ့တဲ့လက စပိန်နိုင်ငံက နိုက်ကလပ်တခုမှာ အမျိုးသမီးတဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တခုကြောင့် လက်ရှိမှာ စုံစမ်းစစ်ဆေးခံနေရတယ်လို့ ကတ်တာလိုနီးယား တရားရုံးချုပ်က ဇန်နဝါရီ ၁၀ ရက်မှာ ပြောပါတယ်။
အဲလ်ဗက်စ်ကတော့ အမှားကျူးလွန်ထားတာ မရှိဘူးလို့ ငြင်းဆိုပါတယ်။ ဘာစီလိုနာမြို့ တရားရုံးက ဒီတရားစွဲမှုနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်ထဲမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဖြစ်ရပ်အတွက် အမျိုးသမီးတဦးက အမှုဖွင့်တိုင်ကြားထားတယ်လို့ ပါဝင်ပြီး အဲလ်ဗက်စ်ရဲ့ နာမည်ကိုတော့ အတိအကျ ဖော်ပြထားတာမျိုး မရှိပါဘူး။
တရားရုံး ပြောရေးဆိုခွင့်ရှိသူကတော့ ဒီတိုင်ကြားမှုရဲ့ တရားခံဟာ အဲလ်ဗက်စ် ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနကို အတည်ပြုပါတယ်။
ဒီအမှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တာကြောင့် တရားရုံးအနေနဲ့ နောက်ထပ် အချက်အလက် မရှိသေးဘူးလို့လည်း သူကဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလမှာ အမျိုးသမီးတဦးက သူငယ်ချင်းတွေနဲ့အတူ နိုက်ကလပ်မှာရှိနေစဉ် သူ့ရဲ့ခွင့်ပြုချက်မရှိဘဲ အတွင်းခံအောက်ကို အဲလ်ဗက်စ်က ထိတွေ့ခဲ့တယ်လို့ ဒီအမျိုးသမီးက စွပ်စွဲခဲ့တဲ့အကြောင်း စပိန်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
အဲလ်ဗက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကို ရိုက်တာက မှတ်ချက်ပေးဖို့ တောင်းဆိုရာမှာ ဒီစွပ်စွဲချက်တွေ အားလုံးအတွက် ကစားသမားအနေနဲ့ “အပြင်းအထန် ငြင်းဆိုပါတယ်” လို့ သူက ပြန်ပြောပါတယ်။
စီအန်အန်သတင်းဌာန မိတ်ဖက် အန်တန်နာ-၃ နဲ့ ပြီးခဲ့တဲ့အပတ်က အင်တာဗျူးတခုမှာ အဲလ်ဗက်စ်က သူ့အနေနဲ့ နိုက်ကလပ်ထဲမှာ တခြားလူတွေနဲ့သာ ရှိနေတာဖြစ်ပြီး ဒီလိုအပြုအမူမျိုး လုပ်ဆောင်ခဲ့ခြင်းမရှိဘူးလို့ ငြင်းဆန်ပါတယ်။
လက်ရှိမှာ အဲလ်ဗက်စ်က မက္ကစီကိုကလပ် ပူးမက်စ် အူနမ် အသင်းမှာ ကစားနေတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလအစောပိုင်း ကာတာကမ္ဘာ့ဖလားမှာလည်း ကင်မရွန်းအသင်းနဲ့ ပွဲစဉ်အတွင်း ဘရာဇီးလ်အသင်းခေါင်းဆောင်အဖြစ် ဝင်ရောက်ကစားခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အသက်အကြီးဆုံး ဘရာဇီးလ်ကစားသမား ဖြစ်လာခဲ့ပါတယ်။
အဲလ်ဗက်စ်ဟာ ကလပ်အသင်းနဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာလည်း ဆုဖလားပေါင်း ၄၃ ခုအထိ ရရှိခဲ့တာကြောင့် ကစားသမားဘဝ ဆုဖလားအများဆုံးရရှိသူအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။