မက္ကဆီကိုတွင် မြေအောက်ရထားတစီး မီးလောင်

မက္ကဆီကိုနိုင်ငံရဲ့ မြို့တော် မက္ကဆီကိုစီးတီးမှာ ဖြတ်သန်းသွားလာမှုများပြားတဲ့ မြေအောက်ရထားလမ်းကြောင်းပေါ်က ရထားတွဲတစီးဟာ ဇန်နဝါရီ ၁၁ ရက်မှာ မီးလောင်ကျွမ်းခဲ့ပါတယ်။ ဒါဟာ မြို့တော်ရဲ့ ရထားကွန်ရက် လမ်းကြောင်းပေါ်က နောက်ဆုံးဖြစ်ရပ်တခုပါ။
ပိုလီတက်နီကို ရထားဘူတာရုံမှာ မီးလောင်ခဲ့တာဖြစ်ပြီး သတင်းဖော်ပြချက်တွေအရ စီးနင်းသူတွေ ဒီရထားတွဲပေါ်ကနေ အချိန်မီ ဆင်းသက်နိုင်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။
တာဝန်ရှိသူတွေကလည်း မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြပါတယ်။
မက္ကဆီကိုစီးတီးမြို့တော် မြေအောက်ရထားစနစ်မှာ မတော်တဆမှုတွေ ဆက်တိုက် ဖြစ်ခဲ့အပြီး အခုလို မီးလောင်ကျွမ်းခဲ့တာပါ။
ပြီးခဲ့တဲ့အပတ်ကလည်း ရထားတိုက်မှုတခုအတွင်း လူ ၁ ဦးသေဆုံးပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ်တုန်းက ရထားလမ်းပါတဲ့ တံတားတစင်းပေါ်ကနေ ရထားတစီး ပြုတ်ကျခဲ့တာကြောင့် လူ ၂၆ ဦးအထိ သေဆုံးခဲ့ရသလို အယောက် ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။