close

တမူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး မီးရှို့ခံရ

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း အသိပေးတားမြစ်တဲ့အနေနဲ့ စစ်ကိုင်းတိုင်း တမူးမြို့ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးကို  ဇန်နဝါရီ ၁၉ ရက် မနက် ၉ နာရီ မိနစ်၅၀ လောက်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ‌တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ သိရပါတယ်။

စစ်ကောင်စီက အတင်းအကျပ်ပြုလုပ်ဖို့ ကြိုးစားနေတဲ့ အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်ခံမှာ မဟုတ်ကြောင်းနဲ့ အသိပေးတားမြစ်တဲ့အနေနဲ့ ရွေးကောက်ပွဲအတွက် စာရွက်စာတမ်းတွေ ထိန်းသိမ်းထားတဲ့ တမူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးကို မီးရှို့ ဖျက်ဆီးခဲ့တာလို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-တမူး (Local Defence Force-Tamu) တာဝန်ခံ ဗိုလ်စကြာက ပြောပါတယ်။

“ကျနော်တို့မြို့နယ်က ရွေးကောက်ပွဲကော်မရှင်ရုံး ရှိတယ်။ အတုအယောင် စာရွက်စာတမ်းတွေ သိမ်းထားတဲ့ အဲဒီရုံးကို မီးရှို့တာပါ။ အဲဒါကို တပ်ရင်း-၅ ABSDF တမူးနဲ့ ကျနော်တို့ ပကဖအဖွဲ့တွေ ပေါင်းပြီးတော့ လုပ်ဆောင်ခဲ့တယ်။ တခြားလူတွေတော့ ထိခိုက်တာမျိုး မရှိပါဘူး။ ဒီဘက်မှာက စောစောရုံးတက်တာလည်း မရှိသလို သူတို့က အလုပ်ရှိမှ ရုံးတက်တာဆိုတော့ လူတွေထိခိုက်သွားတာ မရှိပါဘူး။ ကျနော်တို့က ဒီတိုင်း သတိပေးတဲ့အနေနဲ့ စာရွက်စာတမ်းတွေ ထိန်းသိမ်းတဲ့ရုံးကိုပဲ မီးရှို့တာပါ။”

တမူးဒေသကာကွယ်ရေးအဖွဲ့အနေနဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အဆောက်အအုံ၊ လူပုဂ္ဂိုလ် ဘယ်လိုအရာကိုမဆို ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူသွားမှာဖြစ်ပြီး စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲကို ဘယ်လိုနည်းနဲ့မှ လက်ခံမှာမဟုတ်တဲ့အကြောင်းကိုလည်း ဆက်ပြောပါတယ်။

တာဝန်ခံ ဗိုလ်စကြာက “ကျနော်တို့က ၅ နှစ်တကြိမ်လုပ်တဲ့ ၂၀၂၀ တုန်းက မဲထည့်ခဲ့ပြီးပြီ။ အဲဒီတုန်းက ရွေးကောက်ပွဲတွေကိုပဲ ယုံကြည်တယ်။ ၂၀၂၀ တုန်းက ရလဒ်ကိုပဲ လက်ခံတယ်။ အာဏာသိမ်းပြီး နောက်ပိုင်းဟာကို ကျနော်တို့ ဘယ်လိုမှ လက်မခံနိုင်ဘူး။ အတုအယောင်ဆိုတဲ့အတိုင်း သူတို့လိုတဲ့အတိုင်း စာရွက်ပေါ်မှာရေးပြီး တယောက်ချင်းစီကို လုပ်ရင်တော့ ဒီရွေးကောက်ပွဲက ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ပြည်သူကလည်း လက်မခံဘူး၊ ကျနော်တို့လည်း ဘယ်လိုမှ လက်ခံမှာမဟုတ်ဘူး။ အတုအယောင် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အရာတွေအားလုံးကို အပြစ်ပေး အရေးယူသွားမှာပါ” လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ်ထဲမှာ စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံအနှံ့က ပြည်သူတွေ၊ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေက လက်မခံကြောင်းကို ပုံစံမျိုးစုံနဲ့ တိုက်ခိုက်ပြီး ဆန့်ကျင်တာ၊ ဆန္ဒပြတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up