close

အရာတော်နှင့် ဝက်လက်၌ စစ်ကောင်စီတပ်တိုက်ခိုက်ခံရ၊ မြောင်မြို့နယ်တွင် စစ်တပ်က ဘုန်းကြီးကျောင်းကိုပစ်ခတ် ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့အနောက်ဘက်အထွက်က စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဇန်နဝါရီ ၂၁ ရက် မွန်းတည့် ၁၂ နာရီကျော်က ဒရုန်းနဲ့ မိုင်းချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

စစ်ကောင်စီဂိတ်ဟာ ဒေသခံခရီးသွားတွေကို ဖမ်းစီးတာ၊ ငွေကြေးတောင်းခံတာနဲ့ ထိုးကြိတ် ရိုက်နှက်တာတွေ နေ့စဉ်လုပ်တာကြောင့် အခုလို လုပ်ရတာလို့ ဆိုပါတယ်။

Danger Force LPDFအဖွဲ့ တာဝန်ရှိသူက “ဒရုန်း နဲ့ နှစ်ကြိမ် မိုင်းချခဲ့တာ။ ၃ ဦး ဒဏ်ရာ ရတယ်လို့ သိထားရတယ်။ အဲဒီလို ဗုံးချပြီးချိန် စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့သေးတယ်။ ခဏနေတော့ အရာတော်မြိုထဲကနေ လူနာတင်ကား တစီးရောက်ရှိလာပြီး ဒဏ်ရာရတဲ့သူတွေကို ဆေးရုံ ခေါ်သွားတယ်”လို့ ပြောပါတယ်။

အခုတိုက်ခိုက်မှုမှာတော့ အရာတော်မြို့နယ် Danger Force LPDF၊ Ngwe Dwin Revolution Force(NDRF)နဲ့  MRTF တပ်တို့ ပါဝင်တယ်လို့ သိရပါတယ်။

ဝက်လက်မြို့မှာတော့ မြို့ပေါ်ကို  ကင်းလှည့်ထွက်လာတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သား  ၁၅ ယောက်လောက်ကို ဇန်နဝါရီ ၂၀ ရက်က  ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးပြီး ၃ ယောက် အပြင်းအထန် ဒဏ်ရာ ရခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ 

ဘက်ဆုံမူးဘောင်အနီးနားမှာ အသင့်စောင့်ဆိုင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တာဖြစ်ကာ နေရာမှာတင် ၃ ယောက် ပွဲချင်းပြီး သေဆုံးခဲ့သလို ၃ ယောက်က ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာ ရှိပြီး သတင်းအချက်လက်တွေကိုတော့ လုံခြုံရေးအရ အကန့်သတ်နဲ့ ထုတ်ပြန်နေတာ ဖြစ်တယ်လို့ ဝက်လက်မြိုနယ် Local PDFအဖွဲဖြစ်တဲ့ G-Z Special Task Force တာဝန်ခံ ကို GZ က ပြောပါတယ်။   

အခုရက်ပိုင်းအတွင်း ဝက်လက်မြိုအနီးနားမှာ အာဏာသိမ်းစစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဝက်လက်မြို့ပေါ်မှာ လုံခြုံရေးတွေ အရင်ကထက် ပိုမိုတင်းကျပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မြောင်မြို့နယ်မှာတော့ ဇန်နဝါရီ ၂၀ ရက် မနက်ပိုင်းက  စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အမျိုးသား ၁ ယောက် သေဆုံးကာ ဘုန်းကြီးတစ်ပါးနဲ့ လူ နှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးဟာ ဆူးလေကုန်းရွာ ဘုန်းကြီးကျောင်းဝင်းထဲကျခဲ့တာဖြစ်လို့ အခုလို သေဆုံးထိခိုက်ဒဏ်ရာရသူတွေ ရှိလာတာပါ။

ဒေသခံ စစ်ဘေးရှောင် အမျိုးသား တဦးက "နနွင်းကုန်းဘက်ကနေ လက်နက်ကြီးနဲ့ လှမ်းပစ် တယ်။ စစ်ဘေးရှောင်တွေနေတဲ့ ဆူးလေကုန်း ဘုန်းကြီးကျောင်းဝင်းထဲ လက်နက်ကြီး ကျည် ကျတယ်"လို့ ပြောပါတယ်။

စစ်တပ်လက်နက်ကြီးကြောင့် ခြေထောက်ပြတ်သွားတဲ့ အမျိုးသားဟာ သွေးထွက်လွန်ပြီး ဇန်နဝါရီ ၂၁ မှာ သေဆုံးခဲ့ကာ ဦးခေါင်းထိခိုက်ခဲ့တဲ့ အမျိုးသမီးရဲ့ ဒဏ်ရာကလည်း စိုးရိမ်ရ တယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလကလည်း  မြောင်မြို့နယ်က ညောင်ကားယားရွာမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ပြီး ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ အသက် ၄ နှစ်အရွယ် ကလေး တဦး သေဆုံးပြီး ၇ ဦး ထက်မနည်း ဒဏ်ရာ ရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up