အာဆင်နယ်နှင့်ပွဲက အမှားများကို သင်ခန်းစာယူကြရန် မန်ယူနည်းပြ တန်ဟတ်ဂ်တိုက်တွန်း

အာဆင်နယ်အသင်းနဲ့ပွဲစဉ်က အမှားတွေကို သင်ခန်းစာယူကြဖို့ မန်ယူနည်းပြ တန်ဟတ်ဂ်က တိုက်တွန်းသွားပါတယ်။
မန်ယူအသင်းဟာ ချန်ပီယံဆုကို စိန်ခေါ်နိုင်ရေး အာဆင်နယ်ကို အခက် တွေ့အောင်တုံ့ပြန်နိုင်ခဲ့ပေမယ့် မိနစ် ၉ဝ မှာပေးလိုက်ရတဲ့ သွင်းဂိုးကြောင့် ၃ ဂိုး ၂ဂိုးနဲ့ရှုံးနိမ့်ခဲ့ရ တာပါ။
အာဆင်နယ်အသင်းသွင်းယူသွားတဲ့ ၃ ဂိုးစလုံးဟာ အသင်းရှိကစားသမားတွေရဲ့ အမှားတွေကြောင့် ဖြစ်ပြီး သင်ခန်းစာယူဖို့လိုအပ်ကြောင်း နည်းပြတန်ဟတ်ဂ်ကပြောခဲ့တာပါ။
“ပွဲပြီးခါနီးမှာဂိုးပေးရတာတွေက ဘောလုံးပွဲတွေမှာဖြစ်တတ်ပြီး သင်ခန်းစာယူနိုင်ဖို့ပဲလိုပါတယ်။ ကျနော်တို့အမှားတွေ အများကြီးလုပ်ခဲ့တယ်။ ပေးလိုက်ရတဲ့ သုံးဂိုးစလုံးပဲ။ အဲဒီအမှားတွေကို ရှောင်ကြဉ်ရပါမယ်။ ပုံမှန် အတိုင်းဆိုရင်တော့ တချို့အခြေအနေတွေမှာ ကျနော်တို့ ပိုကောင်းခဲ့ပါတယ်”လို့ နည်းပြတန် ဟတ်ဂ်ကပြောပါတယ်။
ဦးဆောင်ဂိုးနဲ့အတူ တာထွက်ကောင်းခဲ့ပေမယ့် အမှားတွေကြောင့်ရှုံးပွဲတွေ့ခဲ့ရတာက လက်ခံနိုင်စရာမရှိကြောင်းလည်း နည်းပြတန်ဟတ်ဂ်က ဝေဖန်သွားပါတယ်။