ကတ်စမီရိုမပါဘဲ အာဆင်နယ်ကို အနိုင်ယူခဲ့ဖူးဟု နည်းပြတန်ဟတ်ဂ်တုံ့ပြန်

ကွင်းလယ်လူကတ်စမီရိုမပါဝင်ဘဲ အာဆင်နယ်အသင်းကိုအနိုင်ယူခဲ့ဖူးကြောင်း မန်ယူနည်းပြ တန်ဟတ်ဂ်ကပြောပါတယ်။
မန်ယူအသင်းရဲ့အားထားရတဲ့ကွင်းလယ်လူ ကတ်စမီရိုဟာ ပြီးခဲ့တဲ့ ခရစ္စတယ်ပဲလေ့နဲ့ပွဲမှာ အဝါကတ်ပြသခံခဲ့ရတာကြောင့် စုစုပေါင်း ၅ ဝါပြည့်သွားလို့ ပွဲပယ်ပြင်ဒဏ်ချမှတ်ခံထားရပြီး အာဆင်နယ်နဲ့ပွဲစဉ်ကို လွဲချော်ဖို့ရှိနေတာပါ။
နည်းပြ တန်ဟတ်ဂ်ကတော့ ပထမအကျော့မှာတုန်းကလည်း ကတ်စမီရို မပါဘဲ အာဆင်နယ်ကို အနိုင်ယူခဲ့တာဖြစ်လို့ ကတ်စမီရိုမပါဝင်ဘဲ ဘယ်လိုယှဉ်ပြိုင်ကစားမလဲဆိုတာ သိရှိပြီး သားဖြစ်ကြောင်းပြောပါတယ်။
အာဆင်နယ်အသင်းဟာ အနိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ရှိတာကြောင့် ရလဒ်ကောင်းတွေရရှိနေပြီး ထိပ်ဆုံးနေရာနဲ့ ထိုက်တန်တဲ့အသင်းဖြစ်ကြောင်း၊ သူတို့ရဲ့ နိုင်ပွဲဆက်မှုတွေကို ချိုးဖျက်နိုင်ဖို့က မန်ယူအသင်းသားတွေရဲ့အပေါ်မှာသာ မူတည်ကြောင်း နည်းပြတန်ဟတ်ဂ်ကပြောပါတယ်။
မန်ယူအသင်းဟာ အာဆင်နယ်ထက်တစ်ပွဲပိုကစားထားပေမယ့် ၈ မှတ် ကွာဟနေပြီး အနိုင်ရလဒ်ရမှသာ အမှတ်ကွာဟချက်ကို လျော့ချနိုင်မှာပါ။ ဒါပေမဲ့ ရှုံးနိမ့်မယ်ဆိုရင်တော့ ၁၁ မှတ်အထိ ကွာဟသွားမှာဖြစ်ပါတယ်။