close

မြိတ်မြို့မှ စစ်ဘေးရှောင်ပြည်သူများ နေရပ်တွင် ပြန်လည်နေထိုင်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ညောင်ပင်ကွင်းကျေးရွာမှာ စစ်ဘေးရှောင်ပြည်သူတွေ ပြန်လည်ဝင်ရောက်နေထိုင်လာကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဆိုပါ စစ်ဘေးရှောင်တွေထဲက လူဦးရေတဝက်‌လောက် ညောင်ပင်ကွင်းကျေးရွာမှာ ပြန်နေထိုင်လာကြပြီး တချို့ကတော့ အပြီးပြန်လာတာမဟုတ်ဘဲ ခဏပြန်လာနေကြတာလို့ ဒေသခံတဦးက ဆိုပါတယ်။

“စစ်ဘေးရှောင်တဝက်လောက်တော့ ပြန်လာနေကြပြီ။ အချိန်အကြာကြီး တခြားရွာတွေမှာ နေထိုင်တာက မလွယ်ဘူး။ စားသောက်ဖို့အတွက်လည်း ရှိသေးတယ်လေ။ အပြီးတိုင် ပြန်လာကြတဲ့သူတွေက နည်းတယ်။ ရွာမှာ အလုပ်ရှိနေတော့ ခဏပြန်လာကြတာ။ ခဏလေးနေလိုက်၊ ပြီးရင် ပြန်သွားလိုက် လုပ်နေကြတာ။ ရွာနားက စစ်တပ်ကနေ လက်နက်ကြီးသံ မကြာခဏ ကြားနေတော့ အပြီးနေမရဲကြသေးဘူး။ ပစ်ခတ်သံကြားရင် ပြန်သွားကြတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ပြန်‌နေထိုင်လာကြတဲ့ စစ်ဘေးရှောင်တွေဟာ အရင်ကလို အလုပ်လုပ်ကိုင်နေကြပေမဲ့ အခက်အခဲ ပြဿနာတချို့ ရှိနေကြသေးတယ်လို့ ဒေသခံတဦးက ဆိုပါတယ်။

ဒေသခံတဦးက “သဘော့လိပ်ရွာဘက်ကို အပြီးပြောင်းသွားပြီး ဈေးရောင်းနေကြတဲ့ အိမ်ထောင်စုတွေက များတယ်။ အခု ရွာမှာတော့ ဈေးဆိုင်တွေ ဖွင့်ထားကြတာပဲ။ ပိတ်ထားတဲ့ဆိုင်တွေလည်း ရှိတယ်။ ကုန်စုံဆိုင်တွေကျတော့ နေ့လယ် ၁၂ နာရီအထိပဲ ကောင်းကောင်း ရောင်းရတယ်။ နေ့လယ်အချိန်ဆို လူမရှိတော့ဘူး။ ပစ်ခတ်သံတွေ ကြားရတဲ့အချိန်ဆို လမ်းမှာ လူမရှိတော့ဘူး” လို့ ပြောပါတယ်။

ညောင်ပင်ကွင်းကျေးရွာမှာ ပြန်လာနေထိုင်ကြတဲ့ စစ်ဘေးရှောင်တွေမှာ ငွေကြေးအခက်အခဲတချို့ ရှိတာကြောင့် ပြန်လာကြသူတွေဖြစ်ပြီး ပြီးခဲ့တဲ့ တရုတ်နှစ်သစ်ကူးလို နေ့မျိုးမှာ ပြန်လာနေကြသူ ပိုများကြောင်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up