close

ရန်ကုန်တွင် ကွမ်းရွက်ဈေး ရုတ်တရက်မြင့်တက်

ရန်ကုန်မြို့မှာ ကွမ်းရွက်ဈေးနှုန်းတွေ ကျပ် ၇,၀၀၀ ကျော်အထိ ရုတ်တရက် မြင့်တက်လာတယ်လို့ ကွမ်းရောင်းချသူတွေနဲ့ ကွမ်းရွက်ဒိုင်တွေဆီက သိရပါတယ်။

ရန်ကုန်မှာ မနေ့ ဇန်နဝါရီ ၂၂ ရက်အထိ ကွမ်းရွက်ဈေးနှုန်းတွေက တပိဿာကျပ် ၁၀,၀၀၀၊ ၁၁,၀၀၀ သာ ရှိခဲ့ပေမဲ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာတော့ တပိဿာကို ကျပ် ၁၈,၀၀၀ လောက်အထိ ဈေးတက်လာတဲ့အတွက် ကွမ်းရောင်းချနေသူတွေအနေနဲ့ အရင်က ကွမ်းချော ဝယ်ယူ ရောင်းချခဲ့ပေမဲ့ အခုအခါ အလယ်အလတ် ကွမ်းရွက်ကို ဝယ်ယူရောင်းချနေရတယ်လို့ ကွမ်းရောင်းချနေသူတွေက ပြောပါတယ်။

အခုလို ကွမ်းရွက်ဈေးနှုန်းတွေ ရုတ်တရက် မြင့်တက်လာတာကြောင့် ကွမ်းချော ဝယ်ယူ ရောင်းချနေသူ တချို့ကတော့ အရည်အသွေးကို ထိန်းတဲ့အနေနဲ့ တပိဿာကို ကျပ် ၁၈,၀၀၀ တန် ကွမ်းချောကိုပဲ ဆက်လက်ဝယ်ယူရောင်းချနေပြီး ကွမ်းယာကို အရေအတွက်လျှော့ချပြီး ရောင်းချနေတယ်လို့လည်း သိရပါတယ်။

ကွမ်းရွက်ဈေးနှုန်း မတက်ခင်က ရန်ကုန်မှာ ကွမ်းတယာကို ကျပ် ၅၀ နှုန်းနဲ့ ကျပ် ၅၀၀ ဖိုး ဝယ်ယူရင် ကွမ်းယာ ၁၀ ယာအထိ ရရှိပေမဲ့ အခုအခါ ကျပ် ၅၀၀ ဖိုး ဝယ်ယူမယ်ဆိုပါက ကွမ်းယာ ၇ ယာပဲ ရရှိတော့တယ်လို့ စားသုံးသူတွေက ပြောပါတယ်။

အဲဒီလို ကွမ်းရွက်ဈေးနှုန်းတွေ ရုတ်တရက် မြင့်တက်လာတာဟာ ရာသီဥတု အေးမြနေတာကြောင့် ကွမ်းအထွက်နှုန်း လျော့ကျလာပြီး ကွမ်းရွက်ဝင်ရောက်မှုလည်း အတော်လေးနည်းလာတာကြောင့် ဈေးနှုန်းမြင့်တက်လာရတာဖြစ်တယ်လို့ သီရိမင်္ဂလာဈေးသစ်က ကွမ်းရွက်ကုန်စည်ဒိုင်ဖွင့်လှစ်ထားသူတဦးက ပြောပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလလောက်အထိ အလယ်အလတ် ကွမ်းရွက်တပိဿာကို ကျပ် ၇,၀၀၀/၇,၅၀၀၊ ကွမ်းချောတပိဿာကို ကျပ် ၉,၀၀၀ လောက်သာ ဈေးပေါက်ခဲ့ပေမဲ့ ၂၀၂၂ ဒီဇင်ဘာလအထိ အလယ်အလတ် ကွမ်းရွက်တပိဿာကို ကျပ် ၈,၀၀၀၊ ကွမ်းရွက်အချော တပိဿာကို ကျပ် ၁၀,၀၀၀၊ ၁၁,၀၀၀ လောက်အထိ ရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up