close

ရန်ကုန်ရှိ NRPC ရုံးဟောင်း ဗုံးနှစ်ကြိမ်အပစ်ခံရ

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ၁၀ ရပ်ကွက်၊ ဦးဝိစာရလမ်းနဲ့ ရွှေလီလမ်းထောင့်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန (ယခင် NRPC ရုံးဟောင်း) ကို ဇန်နဝါရီ ၂၀ ရက် ဒီနေ့ နေ့လယ် ၁ နာရီခွဲက ဗုံးနှစ်ကြိမ် အပစ်ခံခဲ့ရပါတယ်။

ဒီနေ့ နေ့လယ် ၁ နာရီခွဲက ယာဥ်တစီးပေါ်ကနေ NRPC ရုံးဟောင်းကို လက်ပစ်ဗုံးနဲ့ နှစ်ကြိမ် ပစ်ခတ်ခဲ့ရာ တလုံးဟာ ရုံးမှာရပ်ထားတဲ့ ယာဥ်တစီးအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး တလုံးမှာ မပေါက်ကွဲသေးဘူးလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ဗုံးက နှစ်လုံးကျတာ၊ တလုံးက ပေါက်တယ်၊ ကားတစီးပျက်စီးသွားတယ်၊ တလုံးက စစ်တပ်ကလာရှာမှ တွေ့တာ၊ မပေါက်သေးဘူး၊ စစ်တပ်ကပဲ အသက်မဲ့အောင် လုပ်လိုက်တာ။”

ဗုံးပေါက်ပြီးနောက် စစ်ကောင်စီတပ်က ကားနဲ့ရောက်လာကာ NRPC ရုံးနဲ့ အနီးတဝိုက်ကို ပိတ်ထားပြီး စစ်ဆေးခဲ့တဲ့အပြင် မြေနီကုန်းနဲ့ စမ်းချောင်း စတဲ့နေရာတွေမှာလည်း စစ်ဆေးခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ကားဂိတ်တွေရော အဝင်အထွက်လမ်းတွေကိုရော စစ်တာ၊ မြေနီကုန်းတံတားအောက်ဆို ပိုဆိုးတယ်၊ လွယ်အိတ်၊ ဖုန်း အကုန်စစ်တာ။”

ဒီနေ့ မနက်ပိုင်းကလည်း မြောက်ဒဂုံမြို့နယ် ၄၀ ရပ်ကွက်မှာ စျေးလာဝယ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာန စာရင်းစစ်ဌာမှ အငြိမ်းစားလက်ထောက်ညွှန်ကြားရေးမှူးတဦး သေနတ်နဲ့ ပစ်ခတ်ခံရလို့ ဆေးရုံတင်ခဲ့ရပါသေးတယ်။

ရန်ကုန်က မြို့နယ်တချို့မှာ အခုလအတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေလည်း ရှိပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ရန်ကုန်တိုင်းမှာ ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှု ၉၁၆ ကြိမ် ဖြစ်ပွားခဲ့ပြီး အငြိမ်းစား ဗိုလ်မှူးချုပ်အုန်းသွင် အပါအဝင် ၂၃၅ ဦး သေဆုံးခဲ့ကာ ၃၆၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up