close

ထောင်တွင်း အစာငတ်ခံဆန္ဒပြနေသည့် ထိုင်းမိန်းကလေး ၂ ဦးကို ထောက်ခံသည့်အနေဖြင့် ဘန်ကောက်တွင် တက်ကြွလှုပ်ရှားသူများ ဆန္ဒထုတ်ဖော်

အကျဉ်းထောင်တွင်း အစာငတ်ခံ ဆန္ဒပြနေတဲ့ ထိုင်း လူငယ်ခေါင်းဆောင် မိန်းကလေး ၂ ဦးကို အားပေးထောက်ခံတဲ့အနေနဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့  အမျိုးသားယဉ်ကျေးမှုအနုပညာ စင်တာမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက နာရီပေါင်း ၁၁၂ နာရီကြာ ဆန္ဒပြနေကြပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ ကောက်ကလိုင်ပါတီ၊ ဖွေ့ထိုင်းပါတီ ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေဟာ “ရပ်၊ နား၊ ထောင်ကျ ၁၁၂ နာရီ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဇန်နဝါရီလ ၂၂ ရက် မွန်းလွဲ ၁ နာရီ ၁၂ မိနစ်ကစတင်ပြီး ဇန်နဝါရီ ၂၆ ရက် ညနေ ၅ နာရီ ၁၂ မိနစ်ထိ နာရီပေါင်း ၁၁၂ နာရီကြာ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ တရားစီရင်မှုစနစ် ပြုပြင်ပြောင်းလဲရေး၊ ဘုရင်စနစ်နဲ့ အကြည်ညိုပျက်စေမှု ဥပဒေ ဖျက်သိမ်းရေး၊ ဖမ်းဆီခံ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေးနဲ့ နိုင်ငံရေး အမြင်မတူသူတွေကို ဖမ်းဆီးနှိပ်ကွပ်တဲ့ ဥပဒေတွေ ပြုပြင်ပြောင်းလဲဖို့ ဆန္ဒပြတဲ့ လူငယ်ခေါင်းဆောင် မိန်းကလေး တဝမ် နဲ့ ဘမ်တို့ဟာ ပြီးခဲ့တဲ့သီတင်းပတ်က ဖမ်းဆီးခံခဲ့ရပါတယ်။

မိန်းကလေး ၂ ဦးဖြစ်တဲ့ ထန်းတဝမ်နဲ့ ဘမ်အောရဝမ်းတို့ဟာ သွေးကြွေးကို သွေးစက်တွေနဲ့ ပြန်ဆပ်ရမယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ အနီရောင်ဆေးရည်တွေကို ခေါင်းပေါ်ကနေ တကိုယ်လုံး လောင်းချ ဆန္ဒပြခဲ့ကြပါတယ်။

ဒီနောက် ဖမ်းဆီးခံရပြီးတဲ့နောက် အာမခံမရတာနဲ့ နှစ်ဦးလုံး ထောင်ထဲမှာ ဇန်နဝါရီ ၁၈ ရက် ညပိုင်းကစပြီး အစာမစား၊ ရေမသောက်ဘဲ ပြင်းထန်တဲ့ အစာငတ်ခံဆန္ဒပြမှုကို ပြုခဲ့ကြပါတယ်။

အစာငတ်ခံဆန္ဒပြတဲ့ ၃ ရက်မြောက်နေ့ ပြီးခဲ့တဲ့ သောကြာနေ့မှာ ကျန်းမာရေးချို့ယွင်းလာတဲ့ သူတို့နှစ်ယောက်ကို ထောင်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး အကျဉ်းထောင်ဆရာဝန်နဲ့ သူနာပြုတွေက အနီးကပ် စောင့်ကြပ်ပေးခဲ့ပါတယ်။

သူတို့နှစ်ဦးလုံး အိပ်မပျော်၊ အာခေါင်ခြောက်ကပ်၊ ပျို့အံတဲ့ဝေဒနာတွေ ခံစားနေရပေမဲ့ အကြောထဲ အားဆေးနဲ့ အာဟာရတွေ ထိုးသွင်းပေးဖို့ကိုတော့ ငြင်းဆိုခဲ့ကြောင်း၊ ပြင်ပဆေးခန်းမှာ ပြသခွင့် တောင်းဆိုခဲ့ကြောင်း အကျဉ်းထောင်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

သူတို့နှစ်ဦးရဲ့ ကျန်းမာရေးကို အစိုးရဆန့်ကျင်ရေး ဆန္ဒပြအဖွဲ့နဲ့ အတိုက်အခံပါတီတွေက စိုးရိမ်မကင်း ဖြစ်နေကြပြီး သူတို့တောင်းဆိုချက်တွေကို ထောက်ခံအားပေးတဲ့အနေနဲ့ ပြင်ပကနေ ဆန္ဒပြထောက်ခံပွဲတွေ လုပ်နေတာလည်း ဖြစ်ပါတယ်။

အလားတူ ထိုင်းနိုင်ငံ ချင်းမိုင်မှာလည်း ဇန်နဝါရီ ၂၃ ရက်က ဆန္ဒပြသူတွေဟာ သံခြေကျင်းခတ် အကျဉ်းသားဝတ်စုံတွေဝတ်ပြီး အစာရေစာ အငတ်ခံ ဆန္ဒပြနေတဲ့ မိန်းကလေး ၂ ဦးနဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေး၊ ပြည်သူတိုင်း လူ့အခွင့်အရေးစံနှုန်းနဲ့အညီ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စီတန်းလှည့်လည်ဆန္ဒပြခွင့် ရှိရေး၊ အမြင်မတူသူတွေကို ဖမ်းဆီးထောင်ချ နှိပ်ကွပ်တဲ့ ဥပဒေ ပြင်ဆင်ရေး၊ ပုဒ်မ ၁၁၂ ဖျက်သိမ်းရေး စတာတွေ တောင်းဆိုကာ လက်ရှိဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချား နုတ်ထွက်ပေးရေးကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

Ref-WorkPointToday

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up