close

ကယ်လီဖိုးနီးယားတွင် ပစ်ခတ်မှုထပ်ဖြစ်ပြီး လူ ၇ ဦး သေဆုံး

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားမြောက်ပိုင်းရှိ Half Moon ပင်လယ်အော်က ကမ်းရိုးတန်းနေရာနှစ်ခုမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုကြောင့် လူ ၇ ဦး သေဆုံးခဲ့ပြီး သံသယရှိသူကို ဖမ်းဆီးထိန်းသိမ်းထားပြီလို့ တာဝန်ရှိသူတွေက ဇန်နဝါရီ ၂၃ ရက်မှာ ပြောပါတယ်။

Half Moon ပင်လယ်အော်ဟာ ဆန်ဖရန်စစ္စကိုမြို့တောင်ဘက် မိုင် ၃၀ အကွာမှာ ရှိပါတယ်။ Half Moon ပင်လယ်အော်က ပထမနေရာမှာ လူ ၄ ဦးသေဆုံးပြီး အနားက တခြားတနေရာမှာ နောက်ထပ်သေဆုံးသူ ၃ ဦးကို တွေ့ခဲ့တာလို့ ရဲအရာရှိ ခရစ္စတီးနား ကောပက်စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ဒါဟာ ဒီအသိုင်းအဝိုင်းနဲ့ ပြောမထွက်လောက်တဲ့ အကြမ်းဖက်လုပ်ရပ်ကို ထိခိုက်ခံစားခဲ့ရတဲ့ မိသားစုတွေအတွက် ကြေကွဲဝမ်းနည်းစရာပါပဲ” လို့ ကောပက်စ်က ပြောပါတယ်။

ABC သတင်းဌာနက ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ အရပ်ဝတ်နဲ့ အမျိုးသားနှစ်ဦး၊ ယူနီဖောင်းဝတ် လက်ထောက်တဦးတို့က သေနတ်တွေဆွဲပြီး အမျိုးသားတယောက်ကို ကားပေါ်က ဆင်းခိုင်းရင်း ဖမ်းဆီးခဲ့တာကို ပြထားပါတယ်။

ယူနီဖောင်းဝတ် အရာရှိအများအပြားလည်း အခင်းဖြစ်ပွားရာနေရာကို သေနတ်ရှည်တွေနဲ့ အမြန်ရောက်လာကြပါတယ်။ သူ့ကားထဲမှာ သေနတ်တလက် တွေ့ခဲ့တယ်လို့ ကောပက်စ်က ပြောပါတယ်။

တောင်ဘက် မိုင် ၄၀၀ အကွာ လော့စ်အိန်ဂျလိစ်မြို့နယ်က မွန်တယ်ရီပတ်ခ်မြို့မှာ လူအုပ်ကို ပစ်ခတ်လို့ လူ ၁၁ ဦး သေဆုံးပြီး နောက် ၂ ရက်အကြာ အခုလို အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ထပ်ဖြစ်ခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up