close

ဒီးမော့ဆိုရှေ့တန်းတွင် ကျဆုံးခဲ့သည့် ရဲဘော် ၂ ဦးကို ကရင်နီပြည်အာဇာနည်သူရဲကောင်းအဖြစ် ဂုဏ်ပြု

အမိနိုင်ငံတော်ကြီး ဖက်စစ်စနစ်ဆိုးအောက်ကနေ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရင်း ဒီးမော့ဆိုရှေ့တန်းတနေရာမှာ ကျဆုံးခဲ့ကြတဲ့ ရဲဘော် ၂ ယောက်ကို ကရင်နီပြည်အာဇာနည်သူရဲကောင်းတွေအဖြစ် အလေးနီပြု မှတ်တမ်းတင်ဂုဏ်ပြုတယ်လို့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Karenni People Defense Force – KPDF က ထုတ်ပြန်ပါတယ်။

KPDF ရဲဘော်တွေဖြစ်ကြတဲ့ ရဲဘော် ရဲရင့်နဲ့ လင်းအိမ်သစ်(ခ)လုံဖီးတို့ဟာ ဇန်နဝါရီ ၂၃ ရက် မနေ့က ရှေ့တန်းတိုက်ပွဲမှာ တိုင်းပြည်နဲ့ လူမျိုးအတွက် ရဲရင့်စွာတာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့ကြတာဖြစ်ပြီး ကျန်ရစ်သူမိသားစုနဲ့အတူ ဝမ်းနည်းကြေကွဲရကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up