close

မြောက်ဒဂုံ မီးလောင်မှုတွင် အသက် ၉၀ အရွယ် အဘွားအို အပါအဝင် ၄ ဦး သေဆုံး

ရန်ကုန်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ၃၃ ရပ်ကွက်၊ စိန်ပန်းမြိုင် ၁ လမ်းမှာ ဇန်နဝါရီ ၂၅ ရက် မနက် ၂ နာရီကျော်က နှစ်ထပ်တိုက်တစ်လုံး မီးလောင်ခဲ့ရာ အသက် ၉၀ အရွယ် အဘွားအို အပါအဝင် လေးဦး သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ဒီနေ့ မနက်စောပိုင်းက မဟာမြိုင် ၁ လမ်းရှိ လုံးချင်းနှစ်ထပ်တိုက်တစ်လုံး မီးလောင်ခဲ့ရာ နေအိမ်အတွင်း အိပ်ပျော်နေတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးသုံးဦး သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။

"၂ နာရီကျော်မှာ မီးလောင်တာ လူတွေအိပ်ကောင်းနေတဲ့အချိန် မီးက နာရီဝက်လောက်ကြာအောင် ငြှိမ်းရတယ် ကားတွေလည်းလောင်တယ်။ ဘေးအိမ်တွေတော့ မကူးဘူး"လို့ ပြောပါတယ်။

မီးလောင်မှုကို မြောက်ဒဂုံမြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတအသင်းတွေက  ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၂ နာရီ ၅၀ မိနစ်မှာ မီးငြိမ်းခဲ့တယ်လို့ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဘယ်လိုက စလောင်တယ်ဆိုတာကို စစ်ဆေးနေသလို  ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုလည်း တွက်ချက်နေပါတယ်။ လူ လေးဦး မီးလောင်တဲ့အထဲပါသွားပြီး သေတယ်ဆိုတာ ဟုတ်ပါတယ်။”

သေဆုံးသူတွေကတော့ အသက် ၉၀ အရွယ် ဒေါ်ရိုစီ ၊ သားဖြစ်သူ ဦးသက်ကိုဝင်း၊ ဒေါ်ရိုစီကို ပြုစုရန်ငှားထားတဲ့ သူနာပြု မသပြေနဲ့ မဇင်ငြိမ်းအေးတို့ဖြစ်ပါတယ်။

အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတစ်ဦးက "Dade Body တွေကို ပရဟိတအဖွဲ့က လူနာတင်ကားနဲ့ ဆေးရုံကို ပို့လိုက်တယ် အခုတော့ စစ်တပ်ရော ရဲရောစစ် ဆေးနေတယ်"လို့ ရှင်းပြပါတယ်။

၂၀၂၂ ခုနှစ်က ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးမှာ မီးလောင်မှု ၁၅၀၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ၉၆ ဦးသေဆုံးကာ ၁၃၉ ဦးဒဏ်ရာရတဲ့အထဲ ရန်ကုန်မှာ ၂၂၄ ကြိမ်မီးလောင်မှုဖြစ်ပွားပြီး ၇ ဦးသေဆုံးကာ ၂၂ ဦး ဒဏ် ရာရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up