ရွေးကောက်ပွဲ စောကျင်းပရေး ပီရူးသမ္မတ တောင်းဆို

ပီရူးသမ္မတ ဒီနာဘိုလူအာတာဟာ အထွေထွေရွေးကောက်ပွဲကို သတ်မှတ်ထားချိန်ထက်စောပြီး ကျင်းပပေးရေးအတွက် ကွန်ဂရက်လွှတ်တော်ကနေ တတ်နိုင်သမျှ အမြန်ဆုံး အတည်ပြုပေးဖို့ ဇန်နဝါရီ ၂၅ ရက်က တောင်းဆိုခဲ့ပါတယ်။
အန်ဒီယမ်နိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း အဆိုးရွားဆုံး ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီးနောက် ပြင်းထန်တဲ့ ဖိအားတွေကို ရင်ဆိုင်နေရချိန်မှာ တောင်းဆိုလိုက်တာပါ။
ပီရူးကွန်ဂရက်ဟာ ၂၀၂၄ ခုနှစ်မှာ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ရေးအတွက် သူ့ရဲ့ နောက်ဆုံး အတည်ပြုချက်ကို မပေးသေးပါဘူး။
တောင်နဲ့မြောက် အမေရိကတိုက်တို့မှ နိုင်ငံတွေကို စုစည်းထားတဲ့အဖွဲ့ဖြစ်တဲ့ အမေရိကန် နိုင်ငံများအဖွဲ့ (OAS) ရဲ့ အစည်းအဝေးမှာ တက်ရောက်စကားပြောခဲ့တဲ့ လူအာတာက ပီရူးနိုင်ငံက မတည်ငြိမ်မှုတွေကို အဆုံးသတ်အောင် ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံများအဖွဲ့ OAS မှာ မိန့်ခွန်းပြောကြားခဲ့တဲ့ ဘိုလွာတေးဟာ ပီရူးမှာ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် "ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးမှုနဲ့ ဒီမိုကရေစီ" ကို တောင်းဆိုခဲ့ပါတယ်။
အမေရိကန်နိုင်ငံများအဖွဲ့ (OAS) ရဲ့ အမြဲတမ်းကောင်စီဟာ လူအာတာကို အပြည့်အဝ ထောက်ခံကြောင်း ဇန်နဝါရီ ၂၅ ရက်မှာ ဖော်ပြခဲ့ပါတယ်။
ပီရူးမှာ မကြာသေးမီ သီတင်းပတ်တွေအတွင်း ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာမှာ လူ ၅၀ ကျော် သေဆုံးခဲ့ပြီး လမ်းမကြီးတွေနဲ့ မိုင်းတွင်းနေရာတွေကို ပိတ်ဆို့ထားတုန်း ဖြစ်ပါတယ်။
ပီရူးဆန္ဒပြပွဲတွေကြောင့် ပျက်စီးဆုံးရှုံးမှုနဲ့ ထုတ်လုပ်မှု ထိခိုက်ကျဆင်းတဲ့ တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော်ရှိမယ် လို့ ခန့်မှန်းထားပါတယ်။