အာတီတာကြောင့် အကောင်းဆုံးနည်းပြ တဦးဖြစ်လာဟု ဂွါဒီယိုလာပြော

အာဆင်နယ်အသင်းနည်းပြ အာတီတာကြောင့် အကောင်းဆုံးနည်းပြတဦး ဖြစ်လာခဲ့တာလို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
နည်းပြအာတီတာဟာ မန်စီးတီးအသင်းမှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ဂွါဒီယိုလာနဲ့ သုံးနှစ်ကြာ အတူအလုပ်လုပ်ခဲ့တာပါ။
လက်ရှိအချိန်မှာတော့ အာဆင်နယ်နည်းပြအဖြစ် အောင်မြင်မှုရနေတဲ့ အာတီတာကို ဂွါဒီယိုလာက ချီးကျူးခဲ့တာပါ။
“သူ့ရဲ့အမြင်မှာ ကျနော်ကဘယ်လိုလဲတော့မသိပေမဲ့ ကျနော့်အပေါ်မှာ သူ့ရဲ့ လွှမ်းမိုးနိုင်စွမ်းက ကြီးမားပါတယ်။ အကောင်းဆုံးနည်းပြတစ်ယောက်ဖြစ်လာဖို့ သူကအလွန်အရေးပါခဲ့တယ်။ ကျနော်ဒီအသင်းကနေ ထွက်ခွာသွားရင် မီခေးလ်က ဒီနေရာရောက်လာပြီး အကောင်းဆုံးနည်းပြ ဖြစ်လာမှာသေချာပါတယ်”လို့ ဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ဟာ ဇန်နဝါရီ ၂၈ ရက်မှာ မနက် ၂ နာရီခွဲမှာ အက်ဖ်အေဖလား ရှုံးထွက်ပွဲစဉ် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။