close

ရဲတပ်ဖွဲ့၏ ရိုက်နှက်မှုကြောင့် လူမည်းအမျိုးသား သေဆုံးမှု နယူးယောက်တွင် ဆန္ဒပြ

အခုလ အစောပိုင်းတုန်းက မန်းမ်ဖှစ် ရဲအရာရှိတွေရဲ့ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ရတဲ့ လူမည်းအမျိုးသား တိုင်ရာနီကိုးလ်စ်အတွက် တရားမျှတမှု တောင်းဆိုတဲ့အနေနဲ့ နယူးယောက်မြို့၊ တိုင်းမ်စကွဲရင်ပြင်မှာ ဇန်နဝါရီ ၂၇ ရက်က စုရုံးဆန္ဒပြခဲ့ကြပါတယ်။

တိုင်းမ်စကွဲက ဒီစုရုံးမှုအတွင်း ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သလို အနည်းဆုံးလူ ၃ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့လည်း သိရပါတယ်။ 

တန်နက်ဆီပြည်နယ် မန်းမ်ဖှစ်မြို့မှာ အသက် ၂၉ နှစ်အရွယ် နီကိုးလ်စ် က ရဲတပ်ဖွဲ့ကို အောက်ကျို့ အညံ့ခံထားတဲ့ ကြားကနေ သူ့ကို ကန်ကျောက်တာ၊ ထိုးနှက်တာ၊ တုတ်နဲ့ရိုက်နှက်တာ အပြင် ငရုတ်စပရေးကိုပါ အသုံးပြုခဲ့တာကြောင့် ဆေးရုံတင်ပြီး ၃ ရက်အကြာမှာပဲ နီကိုးလ် သေဆုံးသွားခဲ့တဲ့အတွက် အမေရိကန်ပြည်သူတွေက အခုလို ဒေါသတကြီး ဆန္ဒပြတောင်းဆိုနေ ကြတာပါ။ 

ကားမောင်းလာတဲ့ လူမည်းအမျိုးသား တိုင်ရာနီကိုးလ်စ်ကို ရဲတပ်ဖွဲ့က ရိုက်နှက်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်း ထုတ်ပြန်ခဲ့ပြီးနောက်မှာ သမ္မတဂျိုးဘိုင်ဒင်ဟာ ဒီဖြစ်ရပ်အပေါ်မှာ ဒေါသ ဖြစ်ရတယ်လို့ ပြောကြားခဲ့ပြီး ဒုသမ္မတ ကမလာ ဟားရစ်ကလည်း ရဲတပ်ဖွဲ့အနေနဲ့ ဥပဒေချိုးဖောက်မှု တွေကို ရပ်တန်ဖို့ တောင်းဆိုခဲ့ပါတယ်။ 

ဘိုင်ဒင်က  တိုင်ရာနီကိုးလ်စ် သေဆုံးခဲ့ရတဲ့အထိ ရိုက်နှက်ခဲ့တဲ့ ထိတ်လန့်ဖွယ်ရာ ဒီဖြစ်ရပ်မှာ တရားမျှတမှု ရှာဖွေနေကြသူတွေလည်း ငြိမ်းချမ်းစွာ ဆန္ဒပြကြဖို့နဲ့ အကြမ်းဖက်မှု (ဒါမှမဟုတ်) ဖျက်လိုဖျက်ဆီးမှုတွေကို မလုပ်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဒီဖြစ်ရပ်ဗီဒီယိုမှတ်တမ်းကို မန်းမ်ဖစ်မြို့တော်ဌာနက ဇန်နဝါရီ ၂၇ ရက်မှာ အွန်လိုင်းပေါ် တင်ခဲ့တာပါ။ 

မန်းမ်ဖစ်မြို့တော်ဌာနက အွန်လိုင်းပေါ်မှာထုတ်ပြန်ခဲ့တဲ့ ဒီဗီဒီယိုမှတ်တမ်းဟာ ရိုက်နှက်မှုမှာပါဝင်ခဲ့တဲ့ ရဲအရာရှိရဲ့ ကိုယ်ခန္ဓာမှာ တပ်ဆင်ထားတဲ့ ကင်မရာကနေ မှတ်တမ်းတင်ထားတာပါ။ 

ဇန်နဝါရီ ၁၀ ရက်က နီကိုးလ် သေဆုံးခဲ့တဲ့အတွက် ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ ရဲအရာရှိ ၅ ဦးလုံးကို ရာထူးကနေ ထုတ်ပယ်ပြီး ဒုတိယအဆင့်လူသတ်မှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ ပြန်ပေးဆွဲမှု၊ ရာထူးအာဏာအရ ဥပဒေချိုးဖောက်မှု နဲ့ ဖိနှိပ်မှုစွဲချက်တွေနဲ့ တရားစွဲဆိုထားပါတယ်။

မကြာသေးမီ နှစ်တွေအတွင်း လူမည်းတွေနဲ့ တခြားလူနည်းစုတွေအပေါ်မှာ ရဲတပ်ဖွဲ့က အင်အား အလွန်အကျွံ သုံးစွဲနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေအတိုင်း နီကိုးလ်စ်ရဲ့သေဆုံးမှုဟာ ဟိုးလေတကျော် ဖြစ်ခဲ့တဲ့ နောက်ဆုံးဖြစ်ရပ်တခုပါ။ 

Up