တန်နက်ဆီပြည်နယ်တွင် လူမည်းအမျိုးသားသေဆုံးမှု ရဲ ၅ ဦးကို လူသတ်မှုဖြင့် စွဲချက်တင်

အမေရိကန်ပြည်ထောင်စု၊ တန်နက်ဆီပြည်နယ်၊ မမ်းဖှစ်စ်မြို့က လူမည်းအမျိုးသား တိုင်းရာ့ နစ်ကိုးလ်စ် သေဆုံးခဲ့ရမှုမှာ ရဲအရာရှိဟောင်း ၅ ဦး ကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။
အသက် ၂၉ နှစ်အရွယ် နစ်ကိုးလ်စ်ဟာ ရဲအရာရှိ ၅ ယောက်ရဲ့ ဖမ်းဆီးခံနေရစဉ် ဒဏ်ရာတွေ ရရှိပြီးနောက် ၃ ရက်အကြာ ဇန်နဝါရီ ၁၀ ရက်မှာ ဆေးရုံမှာ သေဆုံးသွားခဲ့တာပါ။
“တိုင်းရာ့ နစ်ကိုးလ်စ်အတွက် တရားမျှတမှုကို အားလုံး အတူတူ လိုချင်ပါတယ်”လို့ ရှဲလ်ဘီကောင်တီ ခရိုင်ရှေ့နေ စတိဗ် မလ်ရွိုင်က ဇန်နဝါရီ ၂၆ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လူမည်းရဲအရာရှိ ၅ ဦးဟာ နစ်ကိုးလ်စ်ရဲ့ ကားကို ရပ်တန့်ခိုင်းပြီးနောက် အငြင်းအခုံဖြစ်ခဲ့ပြီးတော့ နစ်ကိုးလ်စ်ကို ငရုတ်ကောင်းဖြန်းဆေး အသုံးပြုခဲ့တာကြောင့် နစ်ကိုးလ်စ်ဟာ ခြေဗလာနဲ့ ထွက်ပြေးခဲ့ရတယ်လို့ ရှဲလ်ဘီကောင်တီ ခရိုင်ရှေ့နေ စတိဗ် မလ်ရွိုင်က ပြောပါတယ်။
သူတို့ကို ဒုတိယအဆင့် လူသတ်မှု၊ အလွန်အကျွံ နှိပ်စက်မှု၊ အလွန်အကျွံ ပြန်ပေးဆွဲမှု၊ တရားဝင် အကျင့်ပျက်မှုနဲ့ တရားဝင် ဖိနှိပ်မှုတွေနဲ့ တရားစွဲဆိုထားကြောင်း စတိဗ်မလ်ရွိုင်က ပြောကြားခဲ့ပါတယ်။
နိကိုးလ်စ်နဲ့ သူ့မော်တော်ယာဉ်ကို ဖမ်းဆီးမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး မှတ်တမ်းတင်ထားတဲ့ ဘော်ဒီကင်မရာ ဗီဒီယိုဖိုင်ကို ကြည့်ရှုရတဲ့ တန်နက်ဆီ စုံစမ်းစစ်ဆေးရေး ဗျူရိုရဲ့ ဒါရိုက်တာ ဒေးဗစ်ရောက်ရှ်က “ ဒါဟာ 'လုံးဝကို ကြောက်စရာကောင်းပြီး ရာဇ၀တ်မှုပါပဲ” လို့ ပြောပါတယ်။
အစောပိုင်း ယာဉ်တားဆီးထားမှုဟာ ဥပဒေနဲ့ ညီ မညီကို မှတ်ချက်ပေးမှာ မဟုတ်ပေမယ့် စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေမှာဖြစ်ပြီးတော့ နောက်ထပ်စွဲချက်တွေကို ပယ်ချမှာ မဟုတ်ဘူးလို့ ခရိုင်ရှေ့နေ မလ်ရွိုင်က ပြောပါတယ်။
စွဲချက်တင်ခံရတဲ့ ရဲ ၅ ဦးဟာ တယောက်ချင်းစီကို အသက် ၂၄ နှစ်မှ ၃၂ နှစ် ကြားရှိ ရဲအရာရှိတွေဖြစ်ကြောင်း မမ်းဖှစ်စ်ရဲဌာနကနာမည်တွေနဲ့တကွ ထုတ်ဖော်ခဲ့ပြီး သူတို့ဟာ လုပ်သက် ၂ နှစ်ခွဲ ကနေ ၅ နှစ်အထိ ရှိကြပါတယ်။
မမ်းဖှစ်ရဲဌာနရဲ့ ကနဦးထုတ်ပြန်ချက်မှာတော့ နစ်ကိုးလ်စ်ဟာ အသက်ရှုကြပ်နေလို့ အရေးပေါ်လူနာတင်ယာဉ်ကို ခေါ်ခဲ့တာဖြစ်ပြီး စိုးရိမ်ရတဲ့အခြေအနေနဲ့ ဆေးရုံကို ပို့ဆောင်ခဲ့တယ် လို့ ဖော်ပြထားပါတယ်။
သူတို့ကို အင်အား အလွန်အကျွံသုံးခြင်း၊ ဝင်ရောက်စွက်ဖက်ဖို့ ပျက်ကွက်ခြင်းနဲ့ အကူအညီပေးဖို့ ပျက်ကွက်ခြင်း အပါအဝင် ဌာနဆိုင်ရာ မူဝါဒတွေကို ချိုးဖောက်တဲ့အတွက် ဇန်နဝါရီ ၂၁ ရက်က သူတို့ကို ရာထူးကနေ ထုတ်ပယ်ခဲ့ကာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။