close

ရန်ကုန်တွင် ၁ လအတွင်း ၄၂ ကြိမ်မီးလောင်၊ ၄ ဦး သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရ

ရန်ကုန်မှာ အခုနှစ် ဇန်နဝါရီလအတွင်း မီးလောင်မှု ၄၂ ကြိမ်ဖြစ်ခဲ့ပြီး အမျိုးသား တယောက်နဲ့ အမျိုးသမီး သုံးယောက် သေဆုံးကာ မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတအဖွဲ့ဝင် ၂၀ ကျော် ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၈ ရက်အတွင်း မီးလောင်မှု ၄၂ ကြိမ်မှာ နေအိမ်မီးလောင်မှု ၂၅ ကြိမ်၊ ကားမီးလောင်မှု ၃ ကြိမ်၊ ကိုင်းတောနဲ့ မြက်တောမီးလောင်မှု ၁၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။

"ဒီလထဲမှာ မီးအများဆုံးလောင်တာက မှော်ဘီက Grand Royal စက်ရုံရယ်၊ စိန်ဂေယာရယ် မီးသတ်နဲ့ပရဟိတတွေ နှစ်ဆယ်ကျော်လောက် ဒဏ်ရာရတယ် မြောက်ဒဂုံအိမ်မီးလောင်မှုမှာ လူလေးဦးသေတယ်။"

သယ်န်းကျွန်း၊ မှော်ဘီ၊ လှိုင်သာယာ၊ ကမာရွတ်၊ ရွှေပြည်သာ၊ မင်္ဂလာတောင်ညွန့်၊ တိုက်ကြီး၊ ဒဂုံအရှေ့၊ လှည်းကူး၊ မင်္ဂလာဒုံ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့၊ ဒလ၊ ခရမ်း၊ သန်လျင်၊ ကျောက်တန်း၊ ကြည့်မြင်တိုင်၊ သာကေတ၊ လသာ၊ ဗဟန်း၊ မရမ်းကုန်းမြို့နယ်တွေမှာ မီးလောင်မှု ၄၂ ကြိမ်ဖြစ်ခဲ့ပါတယ်။

ကားမီးလောင်ခဲ့တဲ့မြို့နယ်တွေကတော့ ကမာရွတ်၊ တောင်ဒဂုံနဲ့ မင်္ဂလာဒုံမြို့နယ်တို့ဖြစ်ပြီး သေဆုံးထိခိုက် ဒဏ်ရာရသူမရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးမှာ မီးလောင်မှု ၁၅၀၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ၉၆ ဦး သေဆုံးကာ ၁၃၉ ဦး ဒဏ်ရာရတဲ့အနက် ရန်ကုန်က ၂၂၄ ကြိမ် မီးလောင်မှုဖြစ်ပွားပြီး ၇ ဦး သေဆုံးကာ ၂၂ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

 Photo/MFSD

Up