close

လော့စ်အိန်ဂျလိစ်မြို့ ပစ်ခတ်မှု ၃ ဦး သေဆုံး

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ ဘီဗာလီခရက်စ် ရပ်ကွက်က ပစ်ခတ်မှုတခုအတွင်း အနည်းဆုံးလူ ၃ ဦး သေဆုံးကာ လူ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။  

ဇန်နဝါရီ ၂၈ ရက် အစောပိုင်း မနက် ၂ နာရီခွဲလောက်မှာ ဒီပစ်ခတ်မှုဖြစ်ပွားခဲ့တာ ဖြစ်ပြီး ပစ်ခတ်ခံ ခဲ့ရသူတွေကို ကားတစီးထဲမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က အေဘီစီသတင်းဌာနကို ဖြေဆိုပါတယ်။ 

ဒဏ်ရာရရှိခဲ့သူတွေထဲက နှစ်ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာရှိပြီး နောက်ထပ်နှစ်ဦးကတော့ အခြေအနေတည်ငြိမ်နေပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။ 

ဒီဘီဗာလီခရက်စ် ပစ်ခတ်မှုအတွက် သံသယရှိသူ (ဒါမှမဟုတ်) အခုလိုလုပ်ဆောင်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့တော့ အာဏာပိုင်တွေဘက်က အချက်အလက်ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ 

လော့စ်အိန်ဂျလိစ်ရဲဌာနက တပ်ကြပ်ကြီး ဘရုစ်ဘော်ရီဟန်ကတော့ ဒီသေဆုံးသွားသူတွေရဲ့ အသက်အရွယ်နဲ့ လိင်အမျိုးအစားကို သေမှုသေခင်းအရာရှိက စီစစ်ဆုံးဖြတ်ပေးတဲ့အပေါ် ရဲတပ်ဖွဲ့ အနေနဲ့ စောင့်ဆိုင်းနေတာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ကလည်း နောက်ထပ်အန္တရာယ် မရှိ နိုင်တော့ဘူးလို့ မယုံကြည်ကြတော့ကြောင်း မှတ်ချက်ပေးပါတယ်။ 

မကြာသေးမီကမှ ကယ်လီဖိုးနီယားပြည်နယ်မှာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် ဒီပစ်ခတ်မှု ဖြစ်ရပ် ပေါ်ပေါက်လာခဲ့တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်မှာ လေ့ာစ်အိန်ဂျလိစ်မြို့အနီးက မွန်တာရေးပါ့ခ်မြို့ရှိ အကခန်းမအတွင်း သေနတ်သမားတဦးက ၀င်ရောက်ပစ်ခတ်ခဲ့တာကြောင့် လူ ၁၁ ဦး သေဆုံးပြီး နှစ်ရက် အကြာမှာပဲ ကယ်လီဖိုးနီးယားမြောက်ပိုင်း ကမ်းရိုးတန်းမြို့တခုဖြစ်တဲ့ ဟက်ဖ်မွန်းဘေမှာလည်း နောက်ထပ်ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အတွက် လူ ၇ ဦး သေဆုံးခဲ့ပါတယ်။ 

Up