မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်နှင့် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း တွေ့ဆုံ

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်ဟာ နိုဝင်ဘာလက ရာထူးတာဝန် ရယူပြီးနောက် ပထမဆုံးအနေနဲ့ စင်ကာပူနိုင်ငံ ခရီးစဉ်အတွင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့ ဇန်နဝါရီ ၃၀ ရက်က တွေ့ဆုံခဲ့ပါတယ်။
နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ ကြိုဆိုရေးအခမ်းအနား၊ အပြန်အလှန်ဆွေးနွေးပွဲ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီးပွားရေးနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေအတွက် လက်မှတ်ရေးထိုးပွဲတွေကို တက်ရောက်ခဲ့ပါတယ်။
တရားဝင် နေ့လယ်စာစားပွဲမှာ အန်ဝါက မလေးရှား-စင်ကာပူ ဆက်ဆံရေး ပိုမိုခိုင်မာစေရေးကို အဓိကအချက်အဖြစ် မိန့်ခွန်းထဲမှာ ပြောခဲ့ပါတယ်။
သူဟာ စင်ကာပူသမ္မတ ဟာလီမာ ယာကွတ်ဘ်နဲ့လည်း တွေ့ဆုံခဲ့ပြီး သစ်ခွနာမည်ပေး အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။
အစဉ်အလာအားဖြင့် စင်ကာပူဟာ သစ်ခွပန်းတွေကို နာမည်ပေးပြီး လာရောက်လည်ပတ်တဲ့ နိုင်ငံ့အကြီးအကဲတွေကို ဂုဏ်ပြုလေ့ရှိပါတယ်။
အသက် ၇၅ နှစ်အရွယ် အန်ဝါဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ပြီးတဲ့နောက် မလေးရှားနိုင်ငံရဲ့ ၁၀ ယောက်မြောက် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။