close

ရွှေပြောင်းနေထိုင်သူ ၂၀၀ ကို ကယ်ခဲ့သည့်သင်္ဘော အီတလီဆိပ်ကမ်းတွင် ဆိုက်ကပ်

ရွှေ့ပြောင်းအခြေချသူ အယောက် ၂၀၀ ကျော်ကို ကယ်ဆယ်လာခဲ့တဲ့ ဂျီယိုဘားရန့် သင်္ဘောဟာ အီတလီနိုင်ငံ၊ လာစပက်ဇီရာဆိပ်ကမ်းမှာ ဆိုက်ကပ်နိုင်ခဲ့ပြီလို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က ဇန်နဝါရီ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

အရွယ်မရောက်သေးသူ ၇၃ ဦးအပါအဝင် ရွှေ့ပြောင်းအခြေချသူ ၂၃၇ ဦး လိုက်ပါစီးနင်းလာတဲ့ အန်ဂျီအိုအဖွဲ့အစည်းက ဒီသင်္ဘောဟာ အီတလီအစိုးရက ချမှတ်ပေးထားတဲ့ မြောက်ဘက် အကျဆုံးနဲ့ အဝေးဆုံးနေရာက လာစပက်ဇီရာမြို့မှာ ဇန်နဝါရီ ၂၈ ရက်က ဆိပ်ကမ်းကပ်နိုင်ခဲ့ တာပါ။

အီတလီဝန်ကြီးချုပ် ဂျော်ဂျီရာ မယ်လိုနီက ဒီရွှေ့ပြောင်းအခြေချသူ ကယ်ဆယ်ရေး သင်္ဘောတွေကို အီတလီကမ်းရိုးတန်းတလျှောက် လာစပက်ဇီရာမှာဆိုက်ကပ်ဖို့ ဖိအားပေးနေတာပါ။

ဒါဟာ ခရီးကွာဝေးမှုကြောင့် ကုန်ကျစရိတ် ပိုမိုမြင့်တက်လာရာကနေ ရွှေ့ပြောင်းအခြေချ သူတွေကို ကယ်ဆယ်နိုင်စွမ်း လျော့နည်းလာအောင် ရည်ရွယ်လုပ်ဆောင်တာဖြစ်ပါတယ်။ 

ရုရှားရဲ့ ယူကရိန်းအပေါ်ကျူးကျော်စစ်ကြောင့် လောင်စာ ဆီဈေးနှုန်းမြင့်တက်မှုနဲ့ ငွေကြေး ဖောင်းပွမှုတွေဟာ ဆိပ်ကမ်းတွေဆီ ခရီးဝေးသွားလာရတဲ့ အန်ဂျီအိုသင်္ဘောတွေအတွက် ကုန်ကျစရိတ် ပိုမိုများပြားလာစေပါတယ်။ 

ဒီလို သင်္ဘောဆိုက်ကပ်ဖို့နေရာတွေနဲ့ ပတ်သက်တဲ့ မူဝါဒသစ်ကို ပြီးခဲ့တဲ့ဒီဇင်ဘာလက ပြဋ္ဌာန်းခဲ့တဲ့ အမိန့်ဥပေဒထဲမှာ အီတလီအစိုးရက ထပ်ဖြည့်စွက်ခဲ့တာပါ။ 

ဒီဥပဒေအမိန့်ထဲမှာ အန်ဂျီသင်္ဘောတွေအနေနဲ့ ကယ်ဆယ်ရေးတခု လုပ်ဆောင်ပြီးတိုင်း "နှောင့်နှေးမှုမရှိဘဲ" ဆိပ်ကမ်းတခုဆီ ဦးတည်ထွက်ခွာခွင့်တောင်းဖို့ဖြစ်ပြီး ဒါဟာ ပင်လယ်ထဲမှာ ဒုက္ခရောက်နေတဲ့ နောက်ထပ်လှေတွေကို ဆက်လက် ရှာဖွေကယ်ဆယ်နေတာမျိုး မလုပ်ဆောင်နိုင်အောင် ဖြစ်ပါတယ်။ 

ဒီစည်းမျဉ်းဥပဒေကို ချိုးဖောက်တဲ့ သင်္ဘော ကပ္ပတိန်တွေဟာ ဒဏ်ငွေယူရို ၅၀၀၀၀ အပြင် သက်ဆိုင်ရာသင်္ဘောတွေကိုလည်း ၂ လတာ တရားဝင်သိမ်းယူခံရမှာပါ။ 

အကြိမ်ကြိမ် ချိုးဖောက်ခဲ့မယ်ဆိုရင်တော့ ဒီသင်္ဘောတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် အပြီးတိုင်သိမ်းဆည်းမယ့် အန္တရာယ်လည်း ရှိနေပါတယ်။ 

နယ်စည်းမခြားဆရာဝန်များအဖွဲ့  အပါအဝင် တခြားပရဟိတအဖွဲ့အစည်း ၁၆ ခုက ဒီစည်းမျဉ်းတွေ ကြောင့်ပင်လယ်ထဲမှာ နောက်ထပ်ရွှေ့ပြောင်းအခြေချသူတွေ ရေနစ်သေဆုံးနိုင်တဲ့အတွက် ဒီစည်းမျဉ်းတွေကို ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။ 

အီတလီကတ်သလစ်ဘုရားကျောင်းကလည်း ဒီအမိန့်ဥပဒေကို ပြန်လည်ဖျက်သိမ်းပေးဖို့ တောင်း ဆို ခဲ့ပါတယ်။ 

Up